Monday, June 18, 2018

ကြယ်(၅)ပွင့်အဆင့်ဟိုတယ်ပါဝင်ကာ စတုရန်းပေ ၂ သိန်းနီးပါးကျယ်ဝန်းသော ကန်သာယာအဆောက်အဦ ဇွန်လ ၂၀ ရက်တွင် ဖွင့်လှစ်မည်


ရန်ကုန်မြို့၊ ကန်တော်ကြီးအနီးရှိကြယ် (၅) ပွင့်အဆင့်ရှိဟိုတယ်ပါဝင်ကာစတုရန်းပေ ၂ သိန်းနီးပါးကျယ်ဝန်းသော ကန်သာယာအဆောက်အဦကို ဇွန်လ ၂၀ ရက်တွင် စတင်ဖွင့်လှစ်ပြသမည်ဖြစ်ကြောင်း Asia Myanmar Shining Star Investment Co., Ltd မှ သိရသည်။

Slade Property Services ကုမ္ပဏီ နှင့်ပူးပေါင်းကျင်းပမည်ဖြစ်ပြီး ဇွန်လ (၂၀) ရက်တွင် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများမှ ဧည့်သည်တော်များကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

“ ကန်သာယာစင်တာက အချက်အချာကျတဲ့ နေရာမှာရှိပြီးလှပသာယာတဲ့အဆောက်အဦ ဖြစ်တဲ့အတွက် နိုင်ငံတကာကုမ္ပဏီများရဲ့ မျာ်လင့်ချက်နဲ့ ကိုက်ညီမှာမလွဲဧကန် ဖြစ်ပါတယ်။ဇွန်လ ၂၀ ရက်နေ့မှာ တစ်နေ့လုံး ဖွင့်လှစ်ပြသသွားမှာဖြစ်ပြီး ဖိတ်ကြားထားတဲ့အထူးဧည့်သည်တော်များဖြစ်တဲ့ နိုင်ငံတွင်းက စီးပွားရေး လုပ်ငန်းရှင်ကြီးများ တက်ရောက်ကြမှာဖြစ်တယ်။တစ်ခြားကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေ၊ ခေါင်းဆောင်တွေလည်း ဆက်သွယ်စာရင်းပေးသွင်းပြီးလာကြည့်ဖို့လည်းဖိတ်ခေါ်ချင်ပါတယ်။”ဟု Asia Myanmar Shining Star Investment Co., Ltd မှ Sales နှင့် Marketing ဒါရိုက်တာ Mr. Yuan Cheng က ပြောသည်။

အဆိုပါ အဆောက်အဦသည် ရန်ကုန်မြို့လယ်နှင့် ၃ ဒဿမ ၅ ကီလိုမီတာအကွာတွင် တည်ရှိပြီး စုစုပေါင်း အကျယ်အဝန်းမှာ စတုရန်းပေ၁၉၆,၀၀၀ နှင့် လုပ်ငန်းအဆောက်အအုံမှာအဆင့် (၅) အေဖြစ်ကြောင်း သိရသည်။ 

အဆောက်အဦအတွင်း၌ အဆင့်မြင့် ဈေးဝယ်စင်တာ၊ ၀န်ဆောင်မှုအပြည့်ပေးသောလူနေအိမ်ခန်း (service apartment) နှင့် Wyndham ကြယ်(၅)ပွင့်ဟိုတယ်တို့ပါရှိကြောင်း သိရသည်။ 

မြန်မာနိုင်ငံ၏ ပထမဆုံး 5A အဆင့်ရှိလုပ်ငန်းအဆောက်အဦဖြစ်သောအဆိုပါကန်သာယာစင်တာသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဇွန်လ ၃၀ ရက်၌ ဆီဒိုးနားဟိုတယ်တွင် ကျင်းပခဲ့သည့် Guru Asia Property Award ဆုပေးပွဲတွင် အကောင်းဆုံး ရုံးခန်းအဆောက်အဦဆုရရှိခဲ့ကြောင်း သိရသည်။

ယင်းအဆောက်အဦတွင် ယုံကြည်စိတ်ချရသည့် လုံခြုံရေးစနစ်နှင့် အဆင့်မြင့်မားသော ၀န်ဆောင်မှုများရရှိရန် ဆောင်ရွက်ထားခြင်း၊ ခန်းလုံးပြည့်ကျောက်များဖြင့် အလှဆင်ထားခြင်း၊ China Unicom မှ မြင့်မားသော အင်တာနက်နှုန်း၊ ဒီဂျစ်တယ် လက်ဗွေစနစ်၊ မျက်ကြည်လွှာအသုံးပြု လုံခြုံရေးစနစ်၊ VAC ဆာဗာ Firewall ကာကွယ်ရေးများကို တစ်နေရာတည်းရရှိနိင်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။ 

လက်ရှိတွင် အိမ်နီးချင်းနိုင်ငံဈေးကွက်များဖြစ်သည့် ထိုင်းနိုင်ငံနှင့်  စင်ကာပူနိုင်ငံများရှိလုပ်ငန်းလုပ်ဆောင်နေသည့် ကုမ္ပဏီများက  ငှားရမ်းရန် ကြိုတင် စာရင်းပေးသွင်းထားကြောင်းသိရသည်။ 

သင်းသင်းလှိုင် (အကုန်သိသတင်းဌာန)

0 comments:

Post a Comment