Tuesday, June 19, 2018

ရသေ့တောင်အနီး ဖမ်းမိခဲ့သည့် လှေစီးဒုက္ခသည် ၉၂ ဦးကို မူလနေထိုင်ရာ မောင်တောနှင့် ဘူးသီးတောင်သို့ ပြန်ပို့


ရသေ့တောင်မြို့နယ်၊ ကမ်းခြေတွင်လွန်ခဲ့သော တစ်ပတ်ကျော်က တွေ့ရှိသော လှေစီးဒုက္ခသည် ၁၀၄ ဦးအနက် မြန်မာနိုင်ငံတွင်နေထိုင်ခဲ့သော ၉၂ ဦးကို ဇွန်လ ၁၅ ရက်က မူလနေထိုင်ခဲ့သော မောင်တောနှင့် ဘူးသီးတောင်မြို့နယ်ရှိ နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးလိုက်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ဆိုသည်။

မူလနေရပ်ပြန်သူများတွင် ကျား ၃၂ ဦး၊ မ ၆၀ ဦးတို့ဖြစ်ပြီး ကလေးများလည်း ပါဝင်ပြီး ၎င်းတို့မှာ တစ်ဖက်နိုင်ငံကယ်ဆယ်ရေးစခန်း၌ နေထိုင်ခဲ့ကြကြောင်း၊ ယခင်က မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့တို့တွင် နေထိုင်ခဲ့သည်ကို စိစစ်တွေ့ရှိသဖြင့် နေရပ်ကို ပြန်လည်ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း ၎င်းထံမှ သိရသည်။ 

“သူတို့က ဒီဘက်မှာ ပြန်နေချင်တယ်လို့ပြောတယ်။ NV Card သူတို့ သဘောအတိုင်း တောင်းဆိုလို့ လုပ်ပေးလိုက်တယ်၊ ဒီဘက်မှာနေလို့ရှိရင် အထောက်အထားမရှိဘဲ သူတို့လည်း ဘယ်လိုနေရဲမလဲ”ဟု ဒုတိယဝန်ကြီး ဦးစိုးအောင်က ရှင်းပြသည်။

လှေစီးဒုက္ခသည်များအနက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဟုဆိုသော ၁၂ ဦးမှာ IT ကတ်များရှိသဖြင့် စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ထံ ဖုန်းဆက်စကား ပြောဆိုခိုင်းရာ လေယူလေသိမ်းအသံများတူနေကြောင်း၊ ထပ်မံသေချာစေရန် ကောင်စစ်ဝန်က ၎င်းတို့ထံလာရောက်ပြီး တွေ့ဆုံမေးမြန်းမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောသည်။

ဇွန်လ ၁၁ ရက်နေ့က ရသေ့တောင်မြို့နယ် အောင်ဗလချောင်းဝအနီး ပင်လယ်ကမ်းခြေ၌ လှေစီးဒုက္ခသည် ၁၀၄ ဦးကို တွေ့ရှိသဖြင့် တာဝန်ရှိသူများက မောင်တောမြို့နယ် ငါးခူးရ ပြန်လည်လက်ခံရေးစခန်းသို့ စစ်ဆေးရန်ခေါ်ဆောင်ခဲ့ကြောင်း၊ လှေစီးဒုက္ခသည်အချို့က မြန်မာနိုင်ငံသို့ ပြန်လာရန်အတွက် လှေဖြင့် လိုက်ပါလာသည် ဟုဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၂ ဦးက မလေးရှားသွားရန် ပြောဆိုကြကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထံမှ သိရသည်။

အကြမ်းဖက်မှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြပြီး မြန်မာနိုင်ငံသို့ တရားဝင်ပြန်လည်ဝင်ရောက်ရန် လက်ခံရေးစခန်းများ ဖွင့်လှစ်ထားသော်လည်း မောင်တောမြို့နယ်အတွင်း နယ်စပ်များမှ ဘင်္ဂါလီများ ရံဖန်ရံခါ ပြန်ခိုးဝင်လာကြသဖြင့် သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးကြောင်း၊ မေလ ၂၇ ရက်က ဘင်္ဂါလီလူမျိုး ၆၂ ဦး ဝင်ရောက်လာသဖြင့် ၎င်းတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုကာ ယခင်နေထိုင်ခဲ့ကြသော နေရာများသို့ ပြန်လည်ပို့ဆောင်မှုများရှိခဲ့သည်။ 

The Voice

0 comments:

Post a Comment