Tuesday, June 19, 2018

ငြိမ်းချမ်းရေးလှုပ်ရှားသူများကို လွှတ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့၌ တောင်းဆို


နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၃ နှစ်မွေးနေ့ပွဲအထိမ်းအမှတ် အနေနဲ့ ပြည်မြို့မှာ ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲပြုလုပ်ပြီး စစ်ပွဲတွေရပ်ရေး ဆန္ဒပြလို့ ဖမ်းဆီး အရေးယူခံရသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဇွန်လ ၁၉ ရက်မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၃ နှစ် မွေးနေ့ပွဲ အထိမ်းအမှတ်အနေနဲ့ ပဲခူးတိုင်း ပြည်မြို့က ဒေသခံတွေက ဒီကနေ့ မနက် မြို့တွင်း စီတန်းလှည့်လည် လမ်းလျှောက်တောင်းဆိုကြတာပါ။

၈၈ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုအိန္ဒြာနေမျိုးက “ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်လိုလားတောင့်တနေတဲ့ ၂၁ ရာစု ပင်လုံညီလာခံကြီး အောင်မြင်စေဖို့အတွက် လုပ်တာပါ။ 

လမ်းပေါ်ထွက်ရတာကလည်း ပြည်သူတွေရဲ့ စိတ်ကိုလှုံ့ဆော်ပေးချင်လို့ လုပ်တာပါ။ တကယ်ငြိမ်းချမ်းရေးကို လိုလားကြတယ် ဆိုရင် သက်ဆိုင်ရာခေါင်းဆောင်တွေ နှစ်ဘက်လက်နက်ကိုင်တွေ သဘောထားကြီးပြီး အပြန်အလှန်နားလည် သည်းခံစိတ်ထားရင် ငြိမ်းချမ်းရေးရှိမယ်လို့ ယုံကြည်ပါတယ်”လို့ ပြောပါတယ်။

ငြိမ်းချမ်းရေးက ပြည်သူအားလုံးနဲ့ဆိုင်တဲ့အတွက် ပြည်သူတွေအားလုံးကိုလည်း ပါဝင်စေချင်တယ်လို့ ငြိမ်းချမ်းပါစေ မြန်မာပြည် အဖွဲ့က ကိုညီညီက ပြောပါတယ်။

“တတိုင်းပြည်လုံးမှာ ငြိမ်းချမ်းရေးတောင်းဆိုမှုနဲ့ အဖမ်းခံနေရသူတွေကိုလည်း ကာကွယ်ပေးစေချင်ပါတယ်။ ဒါတွေဆောင်ရွက်ဖို့အတွက် ကျနော်တို့တိုင်း ၄ တိုင်းမှာ ငြိမ်းချမ်းပါစေမြန်မာပြည်ဆိုပြီး အဖွဲ့တခုလည်း ဖွဲ့ထားပါတယ်။ ဒါကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို အောင်မြင်စေချင်လို့ပါပဲ။ နောက် ၂၁ ရာစု ပင်လုံညီလာခံကြီးလည်း အောင်မြင်စေချင်ပါတယ်။ ဒီအတွက်လုပ်တာ”လို့ ရှင်းပြပါတယ်။

ဒီတောင်းဆိုပွဲကို ပြည်မြို့ မြို့လယ်ခေါင် ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်ရှေ့ကနေ ဗိုလ်ချုပ် လမ်းတလျှောက် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ၂၁ ရာစုငြိမ်းချမ်းရေး ပင်လုံညီလာခံအောင်ရမည်၊ ငြိမ်းချမ်းပါစေမြန်မာပြည် စတဲ့ကြွေးကြော်သံတွေနဲ့ ရွှေဆံတော်ဘုရားထိချီတက်ခဲ့ကြပြီး အင်္ဂါထောင့်မှာ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။

ကချင်ပြည်နယ်အတွင်း စစ်ပွဲတွေရပ်ဖို့နဲ့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ပြီးခဲ့တဲ့ လတွေက ပြည်မြို့အပါအ၀င် မြန်မာနိုင်ငံ မြို့တွေနယ်တွေ အသီးသီးမှာ ငြိမ်းချမ်းရေးလှုပ်ရှားတောင်းဆိုတာ တွေရှိခဲ့ရာမှာ ပါဝင်သူတချို့ ဖမ်းဆီးခံရ တရားစွဲခံခဲ့ရတာပါ။



DVB

0 comments:

Post a Comment