Tuesday, June 5, 2018

လူမှုကွန်ရက်မှတစ်ဆင့် ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်ပြုလုပ်ပေးမည်ဟု ပြောဆိုပြီး လိုင်စင်အတုပြုလုပ်သည့် အဖွဲ့အား ဖမ်းဆီးရမိ


လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင် ပြုလုပ်ပေးမည်ဟု ပြောဆိုပြီး လိုင်စင်အတုပြုလုပ်သည့် အဖွဲ့အား ဖမ်းဆီးရမိခဲ့ကြောင်း ဇွန် ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

လူမှုကွန်ရက် Facebook တွင် မတ် ၁၀ ရက်စွဲဖြင့် Wai Yan အကောင့်ဖြင့် ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အနောက်ပိုင်းခရိုင်ဦးစီးမှူး လက်မှတ်ပါရှိသည့် ယာဉ်မောင်းလိုင်စင်များ ပြုလုပ်ပေးနေကြောင်း ရေးသားဖော်ပြထားသည်ကို ရဲတပ်ဖွဲ့နှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများက တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ၀န်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် Wai Yan အကောင့်တွင် ဖော်ပြထားသော ဖုန်းနံပါတ်များသို့ အသွင်ယူဆက်သွယ်ခဲ့ကြောင်း သိရသည်။

“ဆက်သွယ်ပြီးတော့ တောင်ဥက္ကလာပ ဘေလီတံတားအဆင်းမှာရှိတဲ့ လက်ဖက်ရည်ဆိုင်ကို ချိန်းတယ်။ အဲဒီလက်ဖက်ရည်ဆိုင်ကို အမျိုးသမီးနှစ်ဦးရောက်လာတယ်။ ယာဉ်မောင်းလိုင်စင်လုပ်ပေးမယ်။ နှစ်သိန်းခွဲနဲ့ရမယ်။ စရန်ငွေ ငါးသောင်းပေးရမယ်လို့ ပြောတယ်။ မေ ၁ ရက်နေ့မှာ လိုင်စင်ရမယ်လို့ ပြောတယ်။ သူတို့ချိန်းတဲ့ ၁ ရက်နေ့မှ သင်္ဃန်းကျွန်း ငမိုးရိပ်ရပ်ကွက်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို သူတို့နှစ်ယောက် ရောက်လာတဲ့အချိန်မှာ ကျွန်တော်တို့ရဲတပ်ဖွဲ့နဲ့ သက်သေတွေက ၀ိုင်းရှာတော့ သူတို့ကိုင်ထားတဲ့အိတ်ထဲက လိုင်စင်အတု၊ ပြေစာ၊ ဓာတ်ပုံ၊ လက်ကိုင်ဖုန်းသုံးလုံးနဲ့ ငွေတစ်သိန်းခွဲကျော်ကို တွေ့ရှိခဲ့တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းနောက် ရဲတပ်ဖွဲ့က အဆိုပါစမ်းချောင်းမြို့နယ်နေ မမေပွင့်ဖြူ (၂၆ နှစ်) နှင့် အင်းစိန်မြို့နယ်နေ မထိုက်ဇာခြည်သင်း (၂၆ နှစ်) တို့အား ဖမ်းဆီးစစ်ဆေးရာ လှိုင်သာယာမြို့နယ် အမှတ်(၆)ရပ်ကွက်နေ မဂျူလီယာ (၂၂ နှစ်) မှ ယာဉ်မောင်းလိုင်စင်တစ်ခုကို ကျပ် ၁၃၀,၀၀၀ ဖြင့် ပြုလုပ်ပေးကြောင်း သိရသဖြင့် မဂျူလီယာနေထိုင်သည့် နေအိမ်သို့ သွားရောက်ရှာဖွေရာ အိမ်အတွင်းမှ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တံဆိပ်ပါ ယာဉ်မောင်းလိုင်စင်အတုများကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မဂျူလီယာအား ဖမ်းဆီးစစ်ဆေးရာ We Chat မှ ခင်မင်ရင်းနှီးသည့် ထွန်းလှိုင်ဆိုသူထံမှ ယာဉ်မောင်းလိုင်စင်တစ်ခုကို ကျပ် ၉၀,၀၀၀ ဖြင့် မှာယူရကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ရာ ထွန်းလှိုင်ကို လှိုင်မြို့နယ် (၁၃) ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းနေအိမ်မှ လိုင်စင်အတုပြုလုပ်သည့် စက်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထွန်းလှိုင်မှာ လှိုင်သာယာမြို့နယ် အမှတ် (၆) ရပ်ကွက်နေ ဇော်လင်းအောင် (၄၆ နှစ်) နှင့်အတူ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသဖြင့် ဇော်လင်းအောင်အား ဖမ်းဆီးပြီး ၎င်းနေအိမ်သို့ သွားရောက်ရှာဖွေရာ ယာဉ်မောင်းလိုင်စင်အတု ပြုလုပ်ရာတွင် လိုအပ်သည့် ပစ္စည်းများနှင့် စက်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ၎င်းတို့ငါးဦးအား သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် အမှုဖွင့်ကာ အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းသိန်းနိုင်၊ သန့်ဇင်ကျော်
Eleven Media Group

0 comments:

Post a Comment