Tuesday, June 5, 2018

တရုတ်နိုင်ငံမှ ခရီးသွားအုပ်စု (Package) ဖြင့် လာရောက်သူများကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးတော့မည်


တရုတ်နိုင်ငံမှ ခရီးသွားအုပ်စု (Package)ဖြင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သူများကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးတော့မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ၏ အကြံပေးဖြစ်သူ ဦးခင်ဇော် က ပြောကြားသည်။
မြန်မာတရုတ် နှစ်နိုင်ငံ ခရီးသွားအကြား ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင်လည်း ရခိုင်အရေးကြောင့် မြန်မာနိုင်ငံသို့ အနောက်နိုင်ငံများက ခရီးသွား ဧည့်သည် ဝင်ရောက်မှုမှာ တဖြည်းဖြည်း လျော့နည်းကျဆင်းလာခဲ့ခြင်းကြောင့် တရုတ်ခရီးသည် ပိုမိုဝင်ရောက်လာရေးကို ဦးတည်မျှော်မှန်းလာရခြင်းဖြစ်ကြောင်း သိရသည်။

''အခုက တရုတ် ခရီးသွားအုပ်စုတွေနဲ့လာတဲ့သူတွေကို ဆိုက်ရောက်ဗီဇာပေးမှာ၊ မကြာသေးခင်က စာထွက်ပြီးပြီ၊ လေဆိပ်မှာ သူတို့တွေကို Black list ပါမပါ စစ်ပြီး မပါတာနဲ့ တန်းပြီး ဆိုက်ရောက်ဗီဇာပေးမှာဖြစ်တယ်’’ဟု ဦးခင်ဇော်က ပြောသည်။
ပြီးခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံသို့ တရုတ်ခရီးသွား ၁၈ဝ,ဝဝဝ ကျော် လာရောက်ခဲ့ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံ သို့ ဝင်ရောက်ခဲ့သော တရုတ်ခရီးသွားမှာ ၁ဝ သန်းခန့်ရှိသည်ဟု ၄င်းက ပြောသည်။

မြန်မာနိုင်ငံသို့ လက်ရှိခရီးသွားဝင်ရောက်မှု၌ တရုတ်ခရီးသွားဧည့်သည် ဝင်ရောက်မှုသည် ဒုတိယအများဆုံးဖြစ်နေပြီး အရှေ့အာရှနိုင်ငံများနှင့် တရုတ်ခရီးသွားဈေးကွက်ကို ပိုမိုဦးတည်သွားရန် ရည်ရွယ်ထားကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်းက လည်း ပြောကြားထားဖူးသည်။
လက်ရှိတွင် မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် လာရောက်သည့် ခရီးသွားများအနေဖြင့် လေဆိပ်တွင် တိုက်ရိုက်လျှောက်ထားနိုင်သည့် ဆိုက်ရောက်ဗီဇာမျိုး ထုတ်ပေးနိုင်ခြင်း မရှိသေးဘဲ သက်ဆိုင်ရာ ကုမ္ပဏီ ထောက်ခံချက်ဖြင့်သာ ကြိုတင်ဆိုက်ရောက်ဗီဇာ လျှောက်ထားနိုင်ကြောင်း သိရသည်။ ထို့အပြင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံကို ဆိုက်ရောက်ဗီဇာ ခွင့်ပြုပေးရန် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က ဒုတိယ သမ္မတ ဦးဆောင်သည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ယခုနှစ်အတွင်း ကလည်း တင်ပြ တောင်းဆိုထားပြီးဖြစ်သည်။
ယဉ်ယဉ်လှ ဓာတ်ပုံ - Hotel & Tourism News in Myanmar
(အကုန်သိသတင်းဌာန)

0 comments:

Post a Comment