Thursday, June 7, 2018

ကောင်းမှုတော်စေတီ ရွှေဆေးသင်္ကန်းမှ မူလထုံးသင်္ကန်းအဖြစ် ယခုနှစ်အတွင်း ပြောင်းလဲကပ်လှူ ပူဇော်မည်


ကောင်းမှုတော်စေတီ ရွှေဆေးသင်္ကန်းမှ မူလထုံးသင်္ကန်းအဖြစ် ယခုနှစ်အတွင်း ပြောင်းလဲကပ်လှူ ပူဇော်မည်ဖြစ်ကြောင်း ဇွန် ၇ ရက်တွင် ကျင်းပသော ကောင်းမှုတော်စေတီ ဂေါပကအဖွဲ့ဟောင်းမှ အသစ်သို့ လွှဲပြောင်းအပ်ခြင်း အခမ်းအနားမှ သိရသည်။

ကောင်းမှုတော်စေတီ ဂေါပကအဖွဲ့ဟောင်းမှ ဂေါပကအဖွဲ့သစ်သို့ ငွေစာရင်းဆိုင်ရာများ၊ ဂေါပကအဖွဲ့၏ လုပ်ငန်းတာဝန်များ လွှဲပြောင်းပေးအပ်ပွဲကို ကောင်းမှုတော်စေတီရင်ပြင် အောင်မြေဗောဓိဓမ္မာရုံ၌ ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားတွင် ရွှေကျင်နိကာယ တွဲဖက်ရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ အဓိပတိ သီတဂူဆရာတော်ကြီး၊ နိုင်ငံတော်သြ၀ါဒါစရိယ စစ်ကိုင်းမြို့ ဇေယျသိန်ပါဠိတက္ကသိုလ်ကျောင်းတိုက် ဦးစီးပဓာနနာယက မဟာထေရ်အရှင်သူမြတ်၊ ကောင်းမှုတော်စေတီသြ၀ါဒ ဆရာတော်များ ကြွရောက်ခဲ့ပြီး ဆရာတော်ကြီးများထံမှ သြ၀ါဒများ နာယူခဲ့ကြကြောင်း သိရသည်။

“အများပြည်သူဆန္ဒအရ ကောင်းမှုတော်စေတီတော်ကြီးကို ရွှေဆေးသင်္ကန်းမှ မူလထုံးသင်္ကန်း ကပ်လှူပူဇော်နိုင်ရေးအတွက် သြ၀ါဒါစရိယဆရာတော်များ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ထံ တင်ပြပြီး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ။ ရွှေဆေးတွေက အရောင်လည်း မှိန်နေပါပြီ။ ဒါကြောင့် အများပြည်သူ လိုလားတဲ့ ထုံးသင်္ကန်းကို ပြန်လည်ကပ်လှူ ပူဇော်သွားမှာပါ။ မေတ္တာကန်ဝန်းကျင် ပျက်စီးယိုယွင်းမှုတွေကို ပြန်လည် ပြင်ဆင်ပြီး ၀န်ထမ်းအင်အား တိုးချဲ့သွားမှာပါ” ဟု ကောင်းမှုတော်စေတီ ဂေါပကအဖွဲ့သစ် ဥက္ကဋ္ဌ ဦးတင်မျိုးလွင်က ပြောကြားသည်။

၂၀၁၈ ခုနှစ် ဇွန်လအတွင်း ကောင်းမှုတော်စေတီ ရွှေဆေးသင်္ကန်းမှ မူလထုံးသင်္ကန်း ပြန်လည်ကပ်လှူနိုင်ရေးအတွက် စစ်ကိုင်းမြို့မိမြို့ဖအဖွဲ့၊ စစ်ကိုင်းမြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များ၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ဆွမ်းတော်ကြီးဝတ်အသင်းများ စုစုပေါင်း အဖွဲ့အစည်း ၆၀ ကျော် အစည်းဝေး ပြုလုပ်ခဲ့ကာ ဆန္ဒပြုလတ်မှတ်များအား စစ်ကိုင်းမြို့နယ်အတွင်း ကောက်ခံခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြခဲ့ကြောင်း သိရသည်။

ကောင်းမှုတော်စေတီအား မူလထုံးသင်္ကန်းမှ ၂၀၁၀ ပြည့်နှစ်တွင် ထုံးသင်္ကန်းအားခွာပြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်ရာ၌ အလှူငွေသိန်း ၇၀၀၀ ကျော် ရရှိခဲ့ကာ ရွှေဆေးကပ်လှူရာတွင် ကျပ်သိန်း ၃၅၀၀ ကုန်ကျခဲ့ပြီး ကျန်ကျပ်သိန်း ၃၅၀၀ အား ဘဏ်၌ အပ်နှံထားကြောင်းနှင့် လက်ရှိ ကောင်းမှုတော်စေတီ စုစုပေါင်းဘဏ္ဍာငွေ ကျပ်သိန်း တစ်သောင်းတစ်ထောင်ကျော်ရှိကြောင်း ကောင်းမှုတော်စေတီဂေါပကအဖွဲ့ (အဟောင်း) ထံမှ သိရသည်။

စစ်ကိုင်းမြို့နှင့် ခြောက်မိုင်အကွာရှိ ရာဇမဏိစူဠာဘွဲ့ခံ ကောင်းမှုတော်စေတီကြီးအား မြန်မာသက္ကရာဇ် ၉၉၈ ခုနှစ် ဒုတိယအင်းဝ(ညောင်ရမ်း)ခေတ်တွင် သာလွန်မင်းတရားကြီးက သီရိလင်္ကာမှ မဟာထူပါရုံ စေတီပုံတော်အတိုင်းရယူ၍ မြတ်စွာဘုရားရှင်၏ လက်ဝဲဘတ် အောက်စွယ်တော်နှင့် ဓာတ်တော်မွေတော်အစုံတို့ကို ဌာပနာပြီး တည်ထားကိုးကွယ်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရပြီး လက်ရှိစေတီတော်ကြီး၏ ဥာဏ်တော်မှာ ၁၀၁ တောင်၊ လုံးပတ် (၅၀၂ တောင်၂ မိုက် ၄ သစ်) ရှိပြီး အုပ်ချပ်ရေပေါင်း ၁၀ သန်းခန့်ဖြင့် တည်ထားခဲ့သော ရှေးဟောင်းသမိုင်းဝင် စေတီတစ်ဆူဖြစ်ကြောင်း သိရသည်။

ရန်ပိုင်
Eleven Media Group

0 comments:

Post a Comment