Thursday, June 7, 2018

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကြီး၏ အလှူငွေစာရင်းများအရ ဘဏ္ဍာငွေ ကျပ်သိန်းပေါင်း ၉၁၇၁၀ ကျော်နှင့် ဘဏ်တိုးနှုန်းရငွေ ကျပ်သိန်းပေါင်း ၄၄၀၇ ကျော်ရှိဟု သိရ


မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကြီး၏ ဘဏ္ဍာငွေမှာ ၂၀၁၈ ခုနှစ် မေ ၂၀ ရက်အထိ အလှူငွေစာရင်းများအရ ၉၁၇၁၀၂၆၂၂၂ ကျပ် ၇၈ ပြားရှိပြီး ဘဏ်တိုးနှုန်းရငွေမှာ ၄၄၀၇၇၄၁၆၂ ကျပ် ၃၅ ပြားရှိကြောင်း မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း၏ ပြောကြားချက်အရ သိရသည်။

ဇွန် ၇ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့ရှိ ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ဒသမပုံမှန်အစည်းဝေး ဆဋ္ဌမနေ့က ပေါင်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က ကျိုက်ထီးရိုးစေတီတော်ကြီးနှင့် ပတ်သက်သည့် မေးခွန်းများ aမးမြန်းခြင်းအား ပြန်လည်ဖြေကြားရာ၌ ထည့်သွင်းပြောကြားသည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး၏ အမိန့်ကြော်ငြာစာများအရ ဂေါပကအဖွဲ့ဝင် ၁၅ ဦးအား ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့စည်းမျဉ်းနှင့်အညီ လာမည့်သီတင်းကျွတ်လပြည့် တောင်ဖွင့်ရာသီမစတင်မီ ပွင့်လင်းမြင်သာစွာ ရွေးချယ်သွားရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိတွင် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဂေါပက အဖွဲ့စည်းမျဉ်းစာအုပ်၏ အပိုဒ် ၆၅ အရ ဂေါပကအဖွဲ့ (ယာယီ) သည် ဘဏ္ဍာရေးကိစ္စနှင့် စပ်လျဉ်း၍ ငွေကြေးသုံးစွဲရာတွင် ၀န်ထမ်းလစာများမှအပ ကျပ် ၁၀ သိန်းအထိကို ဂေါပကအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် လည်းကောင်း၊ ကျပ် ၁၀ သိန်းကျော်ပါက မွန်ပြည်နယ်အစိုးရအဖွဲ့သို့လည်းကောင်း၊ ကျပ်သိန်း ၅၀ ကျော်ပါက နာယကအဖွဲ့သို့ လည်းကောင်း အတည်ပြုချက်ရယူ၍ သုံးစွဲရမည်ဟု ပြဋ္ဌာန်းထားချက်နှင့်အညီ လိုက်နာ ကျင့်သုံးလျက်ရှိကြောင်းနှင့် ဘဏ္ဍာငွေရသုံး ငွေစာရင်းရှင်းတမ်းအားလည်း မွန်ပြည်နယ် အစိုးရအဖွဲ့မှတစ်ဆင့် ပြည်နယ်လွှတ်တော်သို့ တစ်နှစ်လျှင် နှစ်ကြိမ်ပေးပို့သွားမည်ဖြစ်ကြောင်း လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကြီး တည်ရှိရာ ကျိုက်ထီးရိုးရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ နှစ်စဉ် ပြည်တွင်းပြည်ပဘုရားဖူး၊ ခရီးသွားဧည့်သည် သုံးသန်းခန့် လာရောက်လေ့ရှိကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ (ယာယီ) ထံမှ သိရသည်။

ဘိုဘိုမြင့်
Eleven Media Group

0 comments:

Post a Comment