Wednesday, June 20, 2018

မိုဘိုင်းဖုန်း တိုးပွားမှု ထိပ်ဆုံးငါးနိုင်ငံတွင် မြန်မာပါဝင်ခြင်း မရှိတော့သော်လည်း အာရှပစိဖိတ် ဒေသတွင် ဦးဆောင်နေကြောင်း Ericsson အစီရင်ခံစာမှ သိရ


မိုဘိုင်းဖုန်းတိုးပွားမှု ထိပ်ဆုံးငါးနိုင်ငံ စာရင်းတွင် မြန်မာနိုင်ငံ ပါဝင်ခြင်း မရှိတော့သော်လည်း အာရှပစိဖိတ်ဒေသမှာ ဦးဆောင်နေကြောင်း ၂၀၁၈ ခုနှစ် ဇွန်လတွင် ထွက်ရှိလာသော Ericsson Mobility Report အစီရင်ခံစာအရ သိရသည်။


၂၀၁၈ ပထမသုံးလအတွင်း ကမ္ဘာတစ်ဝန်းတွင် မိုဘိုင်းဖုန်းသုံးစွဲမှုအသစ် တိုးပွားမှု မှာ ၉၈ သန်းရှိခဲ့ပြီး အာရှပစိဖိတ်ဒေသမှာ ၈၃ သန်းအထိ တိုးပွားခဲ့ကြောင်း သိရသည်။ လက်တင်အမေရိကနှင့် အနောက်ဥရောပတို့မှာ တစ်သန်းစီပင် ပြန်လည်လျော့ကျခဲ့သည်။

၂၀၁၈ နှစ်ဆန်းပိုင်းတွင် မိုဘိုင်းဖုန်းသုံးစွဲသူ အသစ်တိုးပွားမှု ထိပ်ဆုံးငါးနိုင်ငံမှာ တရုတ်နိုင်ငံက ၅၃ သန်းဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး အိန္ဒိယနိုင်ငံက ၁၆ သန်း၊ အင်ဒိုနီးရှားနိုင်ငံက ခြောက်သန်း၊ နိုင်ဂျီးရီးယားနိုင်ငံက သုံးသန်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက နှစ်သန်းဖြင့် ထပ်မံတိုးပွားလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဒေသတစ်ခုလုံး အနေဖြင့်မူ မြောက်အမေရိကတိုက်မှာ နှစ်သန်းခန့်သာ ထပ်မံတိုးပွားမှုရှိပြီး အလယ်နှင့် အရှေ့ဥရောပမှာ တစ်သန်း၊ အရှေ့အလယ်ပိုင်း ဒေသမှာ သုံးသန်း၊ အာဖရိကဒေသမှာ ၁၁ သန်း ဖြစ်ကြောင်း သိရသည်။

စုစုပေါင်း မိုဘိုင်းဖုန်း သုံးစွဲမှုတွင်မူ မြောက်အမေရိကမှာ သန်း ၃၉၀၊ လက်တင်အမေရိကမှာ သန်း ၆၉၀၊ အနောက်ဥရောပမှာ ၅၂၅ သန်း၊ အလယ်ပိုင်းနှင့် အရှေ့ဥရောပမှာ သန်း ၅၈၀၊ အရှေ့အလယ်ပိုင်းဒေသမှာ ၄၁၅ သန်း၊ အာဖရိကဒေသမှာ သန်း ၁,၀၄၀ နှင့် အာရှ ပစိဖိတ်ဒေသမှာ သန်း ၄,၂၃၀ ရှိလာကြောင်း သိရသည်။ အာရှပစိဖိတ်ဒေသတွင် တရုတ်မှာ သန်း ၁,၄၇၀ နှင့် အိန္ဒိယမှာ ၁,၁၈၅ သန်းရှိကြောင်း သိရသည်။ တစ်ကမ္ဘာလုံးတွင် မိုဘိုင်းသုံးစွဲမှု စုစုပေါင်းမှာ ၇ ဒသမ ၉ ဘီလျံအထိ ရောက်ရှိလာခြင်းဖြစ်သည်။

အူရီဒူးနှင့် တယ်လီနောတို့က ဆင်းမ်ကတ်များကို စတင်ရောင်းချပြီးနောက်ပိုင်း  မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းသုံးစွဲမှု အတိုးပွားဆုံး ထိပ်ဆုံးငါးနိုင်ငံတွင် ပါဝင်ခဲ့ခြင်းဖြစ်ပြီး ကာလအပိုင်းအခြား တစ်ကြိမ်မက ဖော်ပြခံခဲ့ရခြင်း ဖြစ်သည်။

၂၀၂၃ ခုနှစ်သို့ အရောက်၌ မိုဘိုင်းဖုန်း သုံးစွဲမှုနှုန်းမှာ ၈ ဒသမ ၉ ဘီလျံအထိ ရောက်ရှိလာမည်ဟု ခန့်မှန်းထားပြီး အမှန်တကယ် သုံးစွဲသူ အရေအတွက်မှာ ၆ ဒသမ ၁ ဘီလျံရှိလာမည်ဟု ခန့်မှန်းထားကြသည်။

၂၀၁၃ မှ ၂၀၁၈ ခုနှစ်ကာလအတွင်း အသံဝန်ဆောင်မှု (ဖုန်းပြောဆိုခြင်း) သုံးစွဲခြင်းမှာ တစ်ပြေးညီဖြင့် အပြောင်းအလဲ အတက်အကျ မရှိခဲ့သော်လည်း ဒေတာသုံးစွဲမှု (တစ်နည်းအားဖြင့် အင်တာနက်သုံးစွဲမှု) မှာ လအလိုက်၊ နှစ်အလိုက် ဆက်တိုက် မြင့်တက်ခဲ့ကြောင်း သိရသည်။ မိုဘိုင်းဒေတာ သုံးစွဲမှုမှာ နှစ်စဉ် ၅၄ ရာခိုင်နှုန်းခန့် စီမြင့်တက်ခဲ့ခြင်းဖြစ်ပြီး သုံးလခြားတစ်ခါ မြင့်တက်မှုမှာ ၁၁ ရာခိုင်နှုန်းခန့် ဖြစ်ကြောင်း သိရသည်။


နေမျိုးထွန်း
Eleven Media Group


0 comments:

Post a Comment