Tuesday, June 5, 2018

အစိုးရအဖွဲ့ ရုံးသုံးအတွက် Ford ကားဆယ်စီး ၀ယ်ယူရန်အချက်အပါအ၀င် ကန့်ကွက်မှုအချို့ရှိနေသည့် အရအသုံးခန့်မှန်းခြေငွေစာရင်း(လျာထားချက်)ကို ၀န်ကြီးချုပ်ထံပေးပို့သွားမည်


Ford ကားဆယ်စီးဝယ်ယူရန် အချက်အပါအ၀င် ကန့်ကွက်မှုအချို့ရှိနေသည့် အရအသုံးခန့်မှန်းခြေငွေစာရင်း(လျာထားချက်)ကို လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးအကြံပြုချက်များနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များ၏ ရှင်းလင်းတင်ပြချက်များကို တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌကဇွန်လ ၄ ရက်အစည်းအဝေးတွင် ကြေညာခဲ့သည်။


ရန်ကုန်တိုင်းဒေသကြီးအစိုးရက ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် မြို့နယ် ၄၅မြို့နယ်ရှိ စီမံကိန်းပေါင်း ၈၀၀ကျော် အတွက် သုံးစွဲရန် ငွေကျပ် ၆၄၈ဒဿမ ၈၈ဘီလီယံ လျာထားသတ်မှတ်ထားကြောင်း ယင်းအထဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ ရုံးသုံးအတွက် Ford ကားဆယ်စီးဝယ်ယူရန် လည်း အပါအ၀င်ဖြစ်သည်။

အဆိုပါကားများဝယ်ယူရန် တင်ပြထားချက်သည် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ဝေဖန်ကန့်ကွက်မှုများနှင့်တွေ့ကြုံခဲ့ရသည်။

နိုင်ငံတော်ဘဏ္ဍာချွေတာသုံးရမည့်အခြေအနေတွင် Ford ကားများ ၀ယ်စီးမည့်ကိစ္စအားသဘောမတူ ကြောင်း၊ လက်ရှိတွင်လည်း အားလုံးသောဝန်ကြီးများသည် ဘတ်စ်ကားမစီးရကြောင်း၊တက္ကစီ စီးနေသူလည်းမရှိကြောင်း ကိုယ်ပိုင်ကားစီးနေသည့် ၀န်ကြီးများ အများကြီးရှိသည်ဟု ဘဏ္ဍာရေး စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဌ ဒေါ်စန္ဒာမင်း လွှတ်တော်အစည်းအဝေးတွင် ကန့်ကွက်ပြောဆိုခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော် က ခြိုးခြံချွေတာနိုင်ရန် ၀န်ကြီးဌာနများကို ပေါင်းပြီး ၀န်ကြီး တစ်ဦးလျှင် ဌာန လေးခုခန့် တာဝန်ယူဆောင်ရွက်ခိုင်းနေသည့်ကာလမှာ သက်တမ်းအားဖြင့် ၂နှစ်ကျော်သာ ကျန်ရှိတော့သည်ဖြစ်ရာ ယင်းကားများကို ၀ယ်စီးနိုင်ရန် အခြေအနေလိုအပ်ပါက လွှတ်တော်၏ အဆုံးအဖြတ်ရယူရန်လည်း ဒေါ်စန္ဒာမင်းကပြောသည်။

“ကျွန်မတို့ရဲ့ လွှတ်တော် ဘဏ္ဍာရေးနဲ့ စီမံကိန်းကော်မတီရဲ့သဘောထားကတော့ လုံးဝသဘောမတူပါဘူး”ဟု ဒေါ်စန္ဒာမင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် Ford ကားဘတ်ဂျက်ငွေအပြင် စည်ပင်သာယာဘဏ်တွင် နိုင်ငံခြားဘဏ်လုပ်ငန်းလုပ်ကိုင်ရန် ရင်းနှီးမြှုပ်နှံမည့် ငွေကျပ်သန်း ၆၈၀၀ ကိုလည်း အဆိုပြုလျာထားစာရင်းမှ ထုတ်ပယ်ပေးရန် ဘဏ္ဍာရေး ၊စီမံကိန်းနှင့်စီးပွားရေးကော်မတီက ထောက်ပြဆွေးနွေးခဲ့သည်။

ယင်းအချက်နှစ်ချက်နှင့်ပတ်သက်၍ ကတ်ဘိနက်ဆုံးဖြတ်ချက်ဖြစ်နေခြင်းကြောင့် On the Spot ပြင်ပေးနိုင်ခြင်းမရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားခဲ့ပြီး မဲခွဲဆုံးဖြတ်အတည်ပြုသည်ထက် တညီတညွတ်တည်း အတည်ပြုလိုက်သည့် ဘတ်ဂျက်ကို ပိုမြတ်နိုးကြောင်းလည်း ပြောကြားခဲ့သည်။

“ဥက္ကဌ ကြီးအနေနဲ့ တညီတညွတ်တည်း အတည်ပြုတဲ့ဘတ်ဂျက်ကို စီစဉ်ဆောင်ရွက်ပေးပါလို့ အနူးအညွတ်တောင်းပန်အပ်ပါတယ်”ဟု ၀န်ကြီးဦးမြင့်သောင်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်းက လွှတ်တော်ကြီးတွင် ၀န်ကြီး ဦးမြင့်သောင်း ပြောသကဲ့သို့ မဲခွဲဆုံးဖြတ်ပေးရသည့်အခါ ဂုဏ်သိက္ခာကျကြောင်း၊ ဒီလိုမျိုးဖြစ်လာခြင်းကြောင်း မည်သို့မျှမတက်နိုင်ကြောင်း ပြောကြားခဲ့ပြီး၊ ရှင်းလင်းတင်ပြချက်များကို တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်းကြေညာခဲ့ခြင်းဖြစ်သည်။

The Ladies News

0 comments:

Post a Comment