Sunday, June 17, 2018

SMID Bank မှ သက်တမ်းကျော် ချေးငွေပြန်မပေးသူများကို ဥပဒေအရ အရေးယူမည်


အသေးစားအလတ်စား စက်မှုဖွံ့ဖြိုးရေးဘဏ် (SMID Bank) မှ ချေးငွေထုတ်ယူထားပြီး သက်တမ်းကုန်ဆုံးသည်အထိ ပြန်လည်မပေးဆပ်သူများကို ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း အဆိုပါ ဘဏ်မှ ဒေါက်တာဇေယျာညွန့်က ပြောသည်။ 

SMID Bank သည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက တိုင်းနှင့်ပြည်နယ်အသီးသီးရှိ လုပ်ငန်းများကို ကျပ်ဘီလီယံ ၃၀ ထုတ်ချေးထားခဲ့ပြီး  ချေးငွေသက်တမ်း သုံးနှစ်ကျော်လွန်သည့် လက်ရှိကာလအထိ ပြန်လည်ပေးအပ်ခြင်း မရှိ သည့် သူများအား ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။  

“အရင်တုန်းကတော့ အာဏာနဲ့ ချေးပေးရတာဆိုတော့ အုပ်ချုပ်မှုလုပ်တဲ့ ဝန်ကြီးဌာနက စီမံမှုလုပ်တယ်။ ပြည်နယ်တစ်ခုကို ၁ ဘီလီယံဆီ ထုတ်ချေးခိုင်းပါတယ်။ JICA ကချေးငွေသက်တမ်းက သုံးနှစ်ပြည့်နေလို့ ဘဏ်က ပြန်အပ်လိုက်ရပေမယ့် တချို့ချေးငွေယူထားတဲ့ သူတွေဆီက ချေးငွေတွေ ပြန်မရသေးပါဘူး။ ဝေးလံခေါင်ဖျားတဲ့ ရခိုင်တို့၊ တနင်္သာရီတို့ဆီမှာဆိုရင် ခုထိ ရှိနေပါသေးတယ်။ မပေးနိုင်ဘူးဆိုရင် L-29 တို့ L-25 တို့ ရှိပါတယ်။ သူတို့ကို တရားစွဲလို့ ရတဲ့ ပုံစံတွေပါ။ အမြဲတမ်းတော့ သူတို့ကို သတိပေးစာတွေ ပို့ထားတယ်။ ဘဏ်ရှေ့နေနဲ့ အကြောင်းကြားစာတွေပို့ထားတယ်။ မရရင်တော့ တရားစွဲသွားမှာပါ။ အခုလည်း တရားစွဲဖို့ စလုပ်နေပါပြီ” ဟု ဒေါက်တာဇေယျာညွန့်က ဆိုသည်။ 

လက်ရှိတွင် မကွေးတိုင်းဒေသကြီးရှိ မကွေးမြို့နှင့် မန္တလေးတိုင်းဒေသကြီးရှိ မြင်းခြံမြို့နယ်တို့မှ ချေးငွေကာလ သက်တမ်းကျော်လွန်သည်အထိ ပြန်မပေးဆပ်သူများကို တရားစွဲဆိုထားသည့် အမှုပေါင်း ၄၀ ကျော်ရှိပြီး တရားရင်ဆိုင်နေရကြောင်း သိရသည်။ 

“ယခင်အုပ်ချုပ်မှုလက်ထက်မှာ လုပ်မှားကိုင်မှားတွေအပေါ်မှာ တရားရင်ဆိုင်နေရတာပါ။ သူတို့ကလည်း ပြန်မဆပ်ချင်ကြပါဘူး။ ဘာဖြစ်လို့လဲဆိုရင် စနစ်ကျအောင် မချေးခဲ့တဲ့အတွက် ကြောင့်မို့။ ဒါကြောင့် အခု ကျွန် တော်တို့ ဆောင်ရွက်တဲ့အခါမှာ၂၀၁၆ ဇွန်လကစပြီး ရိုးရှင်းစွာနဲ့ ငွေထုတ်ချေးမှုပြုလုပ်ပါတယ်။” ဟု ဒေါက်တာ ဇေယျာညွှန့်က ဆိုသည်။  

အသေးစားအလတ်စား စက်မှုဖွံ့ဖြိုးရေးဘဏ်ကို ယခင်တပ်မတော်အစိုးရလက်ထက် ၁၉၉၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်တွင် စတင်တည်ထောင်ခဲ့ကာ အဓိကအစုရှယ်ယာထည့်ဝင်သူမှာ စက်မှုဝန်ကြီးဌာနမှ ဖြစ်ပြီး ချေးငွေထုတ်ချေးမှုအပိုင်းကို အဆိုပါ စက်မှုဝန်ကြီးဌာနက စီမံမှု ပြုလုပ်ခဲ့ကြောင်း၊ လက်ရှိ စီမံအုပ်ချုပ်သူများက ၂၀၁၅ ခုနှစ်တွင် ယခင်အစုရှယ်ယာပိုင်ရှင်များထံသို့ ရှယ်ယာပိုင်ဆိုင်မှုများ  ပြန်လည်ပေးအပ်ခဲ့ကြောင်း ၄င်းက ဆိုသည်။

သင်းသင်းလှိုင် (အကုန်သိသတင်းဌာန)

0 comments:

Post a Comment