Monday, June 4, 2018

စီမံခန့်ခွဲမှုအလွဲများနဲ့ YRTA ကျောင်းကားဂယက်


ရန်ကုန်တိုင်းအတွင်း ကျောင်းတက်၊ ကျောင်းဆင်းအချိန်များတွင် ယာဉ်ကြောကျပ်တည်းမှုကို လျှော့ချနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အစီအမံဖြင့် ၀ယ်ယူထားသည့် ကျောင်းကားများအား YRTA ကြီးကြပ်မှုဖြင့် ကမာရွတ်နှင့် ရန်ကင်း TTC တို့တွင် ကျောင်းကားများပြေးဆွဲမှုကို စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ကျောင်းကားများ စတင် အကောင်အထည်ဖော် ပြေးဆွဲသည့်နေ့တွင် ယာဉ်ကြောကျပ်တည်းပြီး ကျောင်းတက်ချိန်အမီ ရောက်ရှိမှုမရှိခြင်း၊ သတ်မှတ်စုရပ်တွင်သာ စောင့်ဆိုင်းစီးနင်းရခြင်းများကြောင့် ကျောင်းသားမိဘများက ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

School Bus အစီး ၂၀၀ ၀ယ်ယူရာတွင် ကျပ် ၁၀ ဘီလျံကျော် ကုန်ကျခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားထားသည်။

စီမံမှုအမှားဖြင့် စတင်ခဲ့သည့် ကျောင်းကား

၂၀၁၇ ဇန်န၀ါရီ ၁၆ ရက်တွင် မထသကို ဖျက်သိမ်းပြီး YBS စနစ်ကို စတင် အကောင်အထည်ဖော်ခဲ့သည်။ ထိုကဲ့သို့ အကောင်အထည်ဖော်ရာတွင် စနစ်တကျ စီမံခဲ့မှုမရှိခြင်းကြောင့် ပြည်သူများ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။

ထိုကဲ့သို့ ပြဿနာကို အတွေ့အကြုံ ရယူခဲ့ခြင်းမရှိဘဲ တစ်နှစ်ကျော် ပြင်ဆင်ခွင့်ရရှိခဲ့သော်လည်း ကျောင်းစတင်ဖွင့်လှစ်သည့်နေ့တွင် ကျောင်းကားပြေးဆွဲမှုသည် လူအများဝေဖန်မှုနှင့် ကြုံတွေ့နေရသည်။

“ဒီဟာက ကြိုတင်စီမံချိန်ရတယ်။ ဒီကျောင်းကား အစီး ၂၀၀ က နှစ်ချီပြီး အောင်းနေရတာ။ စီမံမှုတွေက အလွဲလွဲ အချော်ချော်တွေ ဖြစ်နေတာ။ YBS ပြီးတော့ မဖြစ်သင့်တဲ့ အမှားလို့ပဲ ပြောချင်တယ်။ YRTA က မနိုင်ဘူး။ အဲဒီအောက်မှာ လုပ်ငန်းတွေက အများကြီး။ အခုကျောင်းကားပါ ကိုင်တယ်ဆိုတော့ သူတို့မနိုင်ဘူး။ YRTA က ဥပဒေတစ်ရပ် လိုအပ်သလို ဖွဲ့စည်းပုံမှာလည်း ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်မယ့်ဟာ လိုသေးတယ်။ ဒီတိုင်းသွားရင် ကုန်းကြောင်းရော၊ ရေကြောင်းရော အခက်အခဲဖြစ်နေဦးမှာ ရန်ကုန်မြို့မှာ လက်ရှိအတိုင်း လုပ်နေမယ်ဆိုရင် ယာဉ်ကြောပိတ်ဆို့မှုက ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ကျောင်းကားလုပ်တာကို ထောက်ခံပါတယ်။ ကျွန်တော်ပဲ တင်ပြခဲ့တာပါ။ ကိုယ်ပိုင်ကားတွေနဲ့ ပို့နေတာတွေကြောင့် ယာဉ်ကြောကျပ်တည်းပါတယ်ဆိုပြီး ကျွန်တော် တင်ပြခဲ့တာပါ။ လုပ်နေတာကတော့ စီမံချက်မှားနေတာ” ဟု ဦးကျော်ဇေယျက ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနမှ ကျောင်းသား ကျောင်းသူများ အပ်နှံရာတွင် သက်ဆိုင်ရာ မြို့နယ်အလိုက်အပ်နှံရန် အမိန့်ညွှန်ကြား စာများထုတ်ပြန်ခဲ့သည်။ သို့သော် နာမည်ကြီး ကျောင်းအများစုတွင် မိဘများက သားသမီးများကို ကျောင်းအပ်နှံမှုများ ရှိနေကြသည့်အတွက် ကျောင်းကားသည် မရှိမဖြစ် လိုအပ်နေသည်။

“နောက်ပြီးတော့ ပညာရေးဌာနက နယ်ကျော်မထားရဆိုပြီး လုပ်ပြီးတော့ ဒုံရင်းက ဒုံရင်းအတိုင်းပါပဲ။ နယ်ကျော်မထားရဘူးဆိုရင် ကားကျပ်တာ သိပ်မရှိလောက်တော့ဘူး” ဟု ဦးကျော်ဇေယျက ပြောကြားသည်။

ဇွန် ၁ ရက်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခဲ့ပြီး ယင်းနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့် ၀ယ်ယူထားသည့် YRTA ကျောင်းကားများကို ရန်ကင်း TTC နှင့် ကမာရွတ် TTC ကျောင်းများ၌ စတင်ပြေးဆွဲခဲ့ရာတွင် ကျောင်းချိန်အမီမရောက်ရှိခြင်း၊ ကျောင်းသားမိဘများ အနေဖြင့် ကျောင်းကြိုရာတွင် အခက်အခဲများ ဖြစ်ပေါ်ခြင်း၊ သတ်မှတ်လမ်းကြောင်းပေါ်တွင် မရှိသည့် ကျောင်းသားများအနေဖြင့် YRTA ကျောင်းကားများ လိုက်ပါစီးနင်းရန် အခက်အခဲများကို ကျောင်းသား၊ ကျောင်းသူနှင့် မိဘများ ကြုံတွေ့ခဲ့ရသည်။

YRTA ကျောင်းကားများကို သတ်မှတ်လမ်းကြောင်းသုံးခုဖြင့် စတင်ပြေးဆွဲနေခြင်းဖြစ်ပြီး စတင်ပြေးဆွဲသည့် ဇွန် ၁ ရက်တွင် မြောက်ဒဂုံမြို့နယ်ဘက်မှ ရန်ကင်း TTC ကျောင်းသို့ လာရောက်သည့် ကျောင်းသားအချို့ ကျောင်းချိန်မမီခဲ့ခြင်းဖြစ်သည်။

“မနက်က စစီးတာ။ ကျောင်းကားက ၉ နာရီကျော်မှ ကျောင်းကိုရောက်တယ်။ ကျောင်းချိန်က ၈ နာရီလေ။ ကျောင်းမမီဘူးပေါ့” ဟု မြောက်ဒဂုံမြို့နယ်မှ လာရောက်သည့် ကျောင်းသားမိဘတစ်ဦးက ဆိုသည်။

ထို့ပြင် ကျောင်းဆင်းချိန် ကျောင်းကြိုရာတွင် အခက်အခဲများ ကြုံတွေ့ခဲ့ရသလို သတ်မှတ်ထားသည့် လမ်းကြောင်းပေါ်တွင် မရှိသည့် ကျောင်းသားများအနေဖြင့်လည်း လိုက်ပါစီးနင်းရန်အတွက် အခက်အခဲများ ရှိခဲ့သည်။

“ကျောင်းကြိုရတာက မနှစ်ကနဲ့ကို မတူပါဘူး။ အစီအစဉ်တကျလည်း မရှိဘူး။ ကျောင်းကားတွေနဲ့ ထွက်လာတာက တစ်မျိုး။ ကိုယ့်သားသမီးကိုယ် ရှာရတာကတစ်မျိုး။ တော်တော်ကို စိတ်ရှုပ်ရတယ်” ဟု ရန်ကင်းမြို့တွင် နေထိုင်သည့် အလယ်တန်းကျောင်းသူတစ်ဦး၏ မိခင်က ဆိုသည်။

ဈေးနှုန်းကြီးမြင့်နေသည့် ကျောင်းကားခ

YRTA ကြီးကြပ်မှုဖြင့် ပြေးဆွဲနေသည့် ကျောင်းကားခများသည် အနည်းဆုံး ကျပ်လေးသောင်းမှ ကျပ်ခုနစ်သောင်းအထိ ကျသင့်နေကြောင်း၊ မြောက်ဒဂုံမှ ကမာရွတ် TTC သို့ ကျောင်းကားခ ခုနစ်သောင်းခန့်၊ မြောက်ဒဂုံမှ ရန်ကင်း TTC သို့ ငါးသောင်းခန့် ရှိပေသည်။ ယခင် ကျောင်းကားတစ်စီးအား စီးနင်းသည့်ကျောင်းသားတစ်ယောက်လျှင် ခရီးအကွာအဝေးပေါ်မူတည်ကာ တစ်လလျှင် ကျပ်တစ်သောင်းခွဲမှ ကျပ်သုံးသောင်းအထိ ကုန်ကျကြောင်း ကျောင်းသားမိဘများနှင့် ကျောင်းကားပြေးဆွဲသူများထံမှ သိရသည်။

“သူတို့ တောင်းတဲ့ဈေးက လေးသောင်းကနေ ငါးသောင်း ခြောက်သောင်း ခုနစ်သောင်းလောက်တော့ရှိတယ်” ဟု ကမာရွတ် TTC မှ ကျောင်းသားမိခင်တစ်ဦးက ဆိုသည်။

“အခု TTC နှစ်ကျောင်းကို စတင် ပြေးဆွဲတာပေါ့ဗျာ၊ ဒဂုံ (၁) ကို မစသေးဘူး။ မစသေးတာပဲ ကောင်းပါတယ်။ အဲဒီဘက်က မြို့ထဲကြတော့ ပိုတောင်ဆိုးနိုင်တယ်။ ကျွန်တော်ပြောချင်တာက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က YBS မှာ အခက်အခဲတွေ ကြုံတွေ့ပြီးပြီ ကျောင်းကားမှာ မဖြစ်သင့်တော့ဘူးပေါ့။ အခုကျောင်းကားမှာ ပထမနေ့စတဲ့ အခါမှာပဲ အခက်တွေ တွေ့နေရပြီ။ ပြီးတော့ နှုန်းထားတွေကလည်း များနေတယ်။ မိသားစုတစ်စုမှာ ကျောင်းသား လေးဦးလောက်ရှိရင် ကျောင်းကားခနဲ့တင် တစ်သိန်းကျော် နှစ်သိန်းလောက် ထွက်နေပြီ။ ဈေးနှုန်းကလည်း အရမ်းကွာသွားတယ်။ အရင်တုန်းက ဈေးအကြီးဆုံးမှ သောင်းဂဏန်းလောက်ပဲလေ။ အခုဆိုရင် ဈေးနှုန်းမြင့်သွားတော့ တော်တော်လေးဆိုးပါတယ်” ဟု ဒဂုံမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

YRTA ကျောင်းကားများအား ရန်ကင်း TTC တွင် တက်ရောက်နေသည့် ကျောင်းသားများက အများဆုံးစီးနင်းသည်ဟုသိရပြီး လက်ရှိတွင် ကျောင်းကားဈေးနှုန်းများ သတ်မှတ်ထားခြင်း မရှိသေးသော်လည်း တစ်လလျှင် လေးသောင်းကျပ်မှ ခုနစ်သောင်းကျပ်အထိ ကျောင်းကားခရှိနိုင်ကြောင်း ကျောင်းသားမိဘများမှ ပြောကြားမှုများ ရှိနေသည်။

ကမာရွတ် TTC ကျောင်းတွင်မူ ယခင်စီးနင်းခဲ့သည့် ကျောင်းကားများကို ယခုနှစ်အတွက် ဆက်လက်ခွင့်ပြုပေးထားသဖြင့် YRTA ကျောင်းကားစီးနင်းသူ နည်းပါးနေသည်။

ကျောင်းကားပြေးဆွဲသူများလည်း အခက်ကြုံ

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၏ လေ့လာချက်အရ ရန်ကုန်မြို့ရှိ ကျောင်း ၂၂ ကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသားပေါင်း ၅၈၀၀၀ ကျော်ရှိပြီး ကျောင်းကြိုပို့ယာဉ်ဖြင့် ကျောင်းတက်ရောက်နေသူ ၁၉၃၄၂ ရှိကြောင်း၊ အဆိုပါ ကျောင်းသားများတွင် ကိုယ်ပိုင်ယာဉ်အစီးရေ ၁၈၉၉ ဖြင့် ကျောင်းတက်ရောက်သူများနှင့် စုပေါင်းငှားရမ်းသည့် ကျောင်းကြိုပို့ယာဉ် ၈၄၅ စီးဖြင့် ကျောင်းတက်ရောက်သူများရှိကြောင်း သိရသည်။

ထိုသို့ စုပေါင်းငှားရမ်းသည့် ကျောင်းကားများအနက် လိုက်ထရပ်ယာဉ်အစီးရေ ၃၄၀ ခန့်ရှိပြီး ကျောင်းသားပေါင်း ၁၀၀၀၀ ကျော် စီးနင်းလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းတို့အနက် ကျောင်းသူ ကျောင်းသားများ စီးနင်းရာတွင် အန္တရာယ်များပြားသည့် လိုက်ထရပ်ကဲ့သို့သော နောက်ပွင့်ယာဉ်များ အသုံးပြုခြင်းကို ခွင့်မပြုတော့ကြောင်း သိရသည်။

ထို့ပြင် သတ်မှတ်ထားသည့် မူဝါဒနှင့် မကိုက်ညီခြင်း အပါအ၀င် အခြားသော အချက်များကြောင့် ယခင်နှစ်က တစ်ဦးကျောင်းကားပြေးဆွဲမှု အနေဖြင့် အစီးရေ ၇၀ ကျော် ရှိခဲ့သော်လည်း ယခုနှစ်တွင် အစီးရေ ၄၀ ခန့်သာ ကျန်ရှိနိုင်ပြီး အဆိုပါ တစ်ဦးကျောင်းကားပြေးဆွဲသူများတွင် အရှုံးပေါ်ကာ အခက်အခဲများစွာ ဖြစ်ပေါ်နေသည်။ အလားတူ YRTA မှ ရောင်းချမည်ဟု ပြောကြားထားသည့် ကျောင်းကားများမှာ တစ်စီးလျှင် ကျပ်သိန်း ၅၀၀ ခန့်အထိရှိသဖြင့် ကျောင်းကား လုပ်ကိုင်သူအများစုမှ ၀ယ်ယူနိုင်ခြင်းမရှိကြောင်း၊ လက်ရှိတွင် ကျောင်းကားလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် အခက်တွေ့လျက်ရှိကြောင်း သိရသည်။

“အခုလက်ရှိဈေးကိုလည်း အဲဒီလောက်နဲ့ မတိမ်းမယိမ်းလောက်ပဲ မှန်းထားပါတယ်။ နေရာကို လိုက်ပြီးတော့ ကွာတာပေါ့။ သူတို့ သတ်မှတ်တဲ့ မူဘောင်နဲ့ သတ်မှတ်ချက်နဲ့ ညီတဲ့ကားနဲ့ ဘယ်မောင်း ညာဖွင့်တွေလေ၊ အ၀ါရောင်ပြောင်းတာတို့ လုပ်ငန်းလိုင်စင် လုပ်တာတို့ လုပ်နေရတာပေါ့။ သူတို့ရောင်းချတဲ့ ကားတွေက သိန်း ၅၀၀ ကျော်ဆိုတော့ မ၀ယ်နိုင်ကြဘူးလေ။ သိန်း ၅၀၀ ကျော် ရင်းဖို့ကြတော့ မိဘတွေအနေနဲ့လည်း မတတ်နိုင်ကြဘူး။ ကျွန်မတို့ကလည်း မ၀ယ်နိုင်ဘူး။ အဲဒီတော့ လက်ရှိကျောင်းကားကိုပဲ သူတို့ သတ်မှတ်ထားတဲ့ မူဝါဒတွေကို လိုက်နာလိုက်တယ်လေ။ အခက်အခဲတွေက လက်ရှိညာပေါက်ကားတွေကို ခွင့်မပြုတော့ဘူးဆိုတော့ ငိုတဲ့သူကငို။ အကြွေးတွေက မကြေသေးဘူးလေ။ ဘယ်မောင်းကတွေလည်း လိုက်ဝယ်ဖို့ကို ရန်ကုန်လိုင်စင်က ရှားသွားပြီလေ။ ဂျပန်ကားတွေကို ခွင့်ပြုလိုက်တယ်ဆိုတာကလည်း သမားရိုးကျခွင့်ပြုတာမျိုး မဟုတ်ဘူးလေ။ မူဝါဒတွေအတိုင်း လုပ်ရမယ်ဆိုတော့ ဒီရှစ်လလေးပဲ လုပ်ရမှာကို အကုန်လိုက်လုပ်ရတော့ ဒုက္ခတွေရောက်ကုန်တာပေါ့။ တော်တော်ဒုက္ခရောက်ပါတယ်။ တချို့ဆို ထမင်းအိုးကွဲသွားတယ်။ ဆက်မလိုက်နိုင်တော့ဘူး။ ဈေးသတ်မှတ်ဖို့ကို ကျောင်းရောက်တဲ့အခါ ခန့်မှန်းဈေးတွေ ရေးပေးခဲ့ပါလို့ပြောတယ်။ ခန့်မှန်းဈေးတွေဆိုတာ အခုဆို ဆီဈေးက တက်နေတယ်လေ။ ငါးထောင်လောက်ထိ တိုးယူမလား စဉ်းစားတယ်လေ။ သူတို့ကလည်း တိုးခိုင်းတယ်။ အစ်မတို့က နဂိုတစ်သောင်းခွဲသမားကို နှစ်သောင်းယူဖို့၊ နှစ်သောင်းသမားကို နှစ်သောင်းခွဲလောက်ယူဖို့ ခန့်မှန်းထားတယ်” ဟု ရန်ကင်းမြို့နယ်တစ်ဝိုက်တွင် ပြေးဆွဲမည့် တစ်ဦးချင်း ကျောင်းကားပြေးဆွဲသည့် ကားပိုင်ရှင်တစ်ဦးက ပြောကြားသည်။

အစိုးရမှချေးငွေများဖြင့် ၀ယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည်ဟု ပြောကြားထားသော်လည်း ကျောင်းကားပိုင်ရှင်များမှာ စိတ်ဝင်စားခြင်းမရှိပေ။ အကြောင်းမှာ ယာဉ်တန်ဖိုးအနေဖြင့် ကျပ်သိန်း ၅၀၀ ခန့် ကုန်ကျနိုင်ခြင်း၊ သိန်း ၅၀၀ ကုန်ကျထားသော်လည်း ၀င်ငွေမှာများစွာ လျော့နည်းသွားခြင်းများ ရှိနိုင်ခြင်းကြောင့် ၀ယ်ယူမှုမရှိခဲ့ကြောင်း သိရသည်။

ကျောင်းကားပြေးဆွဲသူများသည် ဆီဖိုး၊ ယာဉ်မောင်းစရိတ်၊ ယာဉ်ပြင်ခများ နုတ်လိုက်ပါက တစ်လလျှင် အမြတ်လေးသိန်းခန့် ရရှိပေသည်။ YRTA ကျောင်းကားများကို ကျောင်းကားပြေးဆွဲနေသူများမှ မ၀ယ်ယူနိုင်ပါက ငှားရမ်းပေးမည်ဟု ပြောကြားသော်လည်း ငှားရမ်းခ တစ်လလျှင် ၁၀ သိန်းကျော်ရှိသဖြင့် တွက်ခြေကိုက်မှုနည်းသည့်အတွက် ငှားရမ်းသူများမရှိကြောင်း သိရသည်။

တစ်ဦးချင်းကျောင်းကားပြေးဆွဲမှုကို ကန့်သတ်မည်

လက်ရှိအချိန်တွင် တစ်ဦးချင်း ကျောင်းကားပြေးဆွဲမှုကို ခွင့်ပြုပေးထားမည်ဖြစ်ပြီးနောင်တွင် ခွင့်ပြုတော့မည်မဟုတ်ကြောင်း YRTA အတွင်းရေးမှူးဒေါက်တာမောင်အောင်က ပြောကြားထားသည်။

“နောင်ဆိုရင်တော့ တစ်ဦးချင်းကို ခွင့်မပြုတော့ဘူး။ ကုမ္ပဏီအနေနဲ့လုပ်ပါ၊ အခက်အခဲရှိရင် ဆရာတို့ဘက်က ကူညီပေးမယ်။ အခုကတော့ လုပ်ငန်းလိုင်စင်ရှိရမယ်၊ မှတ်ပုံတင်ရမယ်၊ လုပ်ငန်းလိုင်စင်မရရင်ဆွဲလို့ မရဘူး။ Light Truck တွေ ဆွဲမယ်ဆိုရင်တော့ ယာဉ်ထိန်းရဲကဖမ်းမယ်။ YRTA က ညွှန်ကြားမယ်ပေါ့။ ကညနက ထုတ်ပြန်ထားတဲ့ အချက် ၁၂ ချက်နဲ့ လုပ်ရမယ်” ဟု ဒေါက်တာမောင်အောင်က ပြောကြားသည်။

ကျောင်းကားများကို ဆိုက်မျိုးစုံဖြင့် လုပ်သွားမည်ဖြစ်ပြီး အရောင်အနေဖြင့် အ၀ါရောင်ကိုသာ သတ်မှတ်သွားမည်ဖြစ်သည်။ လက်ရှိအစိုးရမှ ၀ယ်ယူထားသည့် ကျောင်းကားများသည် ၂၈ ယောက်စီးကားများဖြစ်ပြီး နောက်တွင် ၁၄ ယောက်စီး၊ ရှစ်ယောက်စီးကားများ ဖြစ်လာနိုင်ကြောင်း ဒေါက်တာ မောင်အောင်က ပြောကြားထားသည်။

“အထဲထိဝင်လို့ရတယ်။ ဒါပေမဲ့ အခုပြေးနေတဲ့ ကားရဲ့အခက်အခဲက အထဲဝင်လို့ မရတာ။ ဒီခေတ်မိဘ ပိုက်ဆံရှိတဲ့ မိဘက သူတို့စိတ်ပူတာ။ နည်းပညာသုံးတယ်၊ ခေတ်မီတယ်၊ မိုးတွင်းဆိုရင် မိုးပက်တာတွေမရှိဘူး၊ အခုက ကျောင်းတွေမှာ ကျောင်းကားတွေကို ဦးစားပေး၊ အထဲထိဝင်လို့ရတယ်၊ ကျန်တဲ့ကိုယ်ပိုင်ကားတွေကို အထဲထိပေးမ၀င်ဘူး၊ တစ်ခုခုဖြစ်တာနဲတာနဲ့ ဘာမှအာမခံမရှိဘူးဆိုတဲ့ အဲဒီစနစ်တွေကို ပြင်မယ်။ စနစ်ကို ပြောင်းမယ်။ ဈေးနှုန်းကတော့ ရိုးရိုးကားထက်ကြီးမယ်။ မပြောသေးဘူး” ဟု ဒေါက်တာမောင်အောင်က ပြောကြားသည်။

ယခုနှစ် ကျောင်းဖွင့်ရာသီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၀ယ်ယူထားသည့် ကျောင်းကားအစီး ၂၀၀ အနက် အစီး ၁၀၀ အား ကမာရွတ်နှင့် ရန်ကင်း TTC ကျောင်းတို့တွင် စတင်ပြေးဆွဲနေပြီး အခြားကျောင်းများမှ ကျောင်းကားစီစဉ်ပေးရန် တောင်းဆိုလာပါက ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း YRTA မှ သိရသည်။

ကျောင်းကား အစီး ၂၀၀ ၀ယ်ယူရာတွင် ကျပ် ၁၀ ဘီလျံကျော် ကုန်ကျခံ၍ ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး ယခုစာသင်နှစ်တွင် ကျောင်းကြိုပို့ယာဉ်များအဖြစ် မီနီဘတ်စ်နှင့် မိုက်ခရိုဘတ်စ်များကိုသာ ပြေးဆွဲခွင့်ပြုမည်ဖြစ်ပြီး အခြားယာဉ်များဖြင့် ပြေးဆွဲခွင့်မပြုကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။

ကျောင်းကြိုပို့ကားများအား အ၀ါရောင်သတ်မှတ်ထားပြီး ဘယ်မောင်း၊ ယာဉ်၏ညာဘက်တွင် အတက်အဆင်းတံခါးပေါက်နှင့် လုံခြုံစိတ်ချရသော သော့စနစ်များ တပ်ဆင်ရမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတ်မှတ်ထားသည်။

အလားတူ ကျောင်းကားများအရှေ့နှင့် အနောက်ဘက်တွင် School Bus စာသား၊ ကျောင်းအမည်နှင့် တယ်လီဖုန်းနံပါတ်များ ရေးထားရမည်ဖြစ်ပြီး ကျောင်းသား ၁၀ ဦး အထက်တင်ဆောင်နိုင်သည်ဟု သတ်မှတ်ထားသည်။

ထိုင်ခုံများတွင် ခါးပတ်ပါရမည်ဖြစ်ပြီး ရှေးဦးသူနာပြုသေတ္တာနှင့် မီးသတ်ဆေးဘူးများ ပါဝင်ရမည်ဖြစ်ကြောင်း School Bus မောင်းနှင်မည့် ယာဉ်မောင်းအနေဖြင့် ယာဉ်မောင်းလိုင်စင် ‘ဃ’ လိုင်စင်ဖြစ်ပြီး ယာဉ်မောင်းနှင်နှုန်းကို တစ်နာရီ ကီလိုမီတာ ၄၀ ထက် ကျော်လွန် မောင်းနှင်ခြင်း မပြုရကြောင်း သိရသည်။

ကျောင်းကားအတွက် အမျိုးသမီး ယာဉ်ကြီးကြပ်ခေါ်ယူ

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ ယခု ပြေးဆွဲနေသည့် School Bus များအတွက် ယာဉ်မောင်းများနှင့် ယာဉ်ကြီးကြပ်အမျိုးသမီးများကို မေ ၁၁ ရက်မှ ၂၀ ရက် နောက်ဆုံးထားခေါ်ယူခဲ့ပြီး ယာဉ် ကြီးကြပ်အမျိုးသမီး ၁၀၀ ခန့်အပ်ရန် စီစဉ်ထားခဲ့သည်။

School Bus များ ပြေးဆွဲရာတွင် ယာဉ်ပေါ်တွင် ကျောင်းသူ၊ ကျောင်းသားများ၏ လုံခြုံရေးတို့အတွက် ယဉ်ကြီးကြပ်သူအဖြစ် တာဝန်ထမ်းဆောင်ရန် အမျိုးသမီးဝန်ထမ်းများ ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း YRTA မှ သိရသည်။

အစိုးရမှ ကျောင်းဖွင့်ရာသီအတွင်း ကျောင်းသားမိဘများမှ ကျောင်းသို့ ကိုယ်ပိုင်ကားများဖြင့် ကြိုပို့ခြင်များ ပြုလုပ်ခြင်းများကြောင့် ယာဉ်လမ်းကြောင်း ပိတ်ဆို့မှုများဖြစ်သွားသဖြင့် ယာဉ်လမ်းကြောရှင်းရန်၊ ကျောင်းသား၊ ကျောင်းသူများ လုံခြုံစိတ်ချရန်၊ ကျောင်းတက်၊ ကျောင်းဆင်းအချိန် မှန်ကန်ရန်တို့ရည်ရွယ်ပြီး ကိုရီးယားနိုင်ငံမှ ကျောင်းကားအစီး ၂၀၀ ကို ၀ယ်ယူခဲ့ခြင်းဖြစ်သည်။

ကျောင်းကားများ ပြေးဆွဲရန် မူလက ၂၀၁၇ ခုနှစ်တွင် လျာထားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြေးဆွဲနိုင်ခြင်းမရှိခဲ့ပေ၊ ကျောင်းကားအတွက် ပြင်ဆင်ချိန် တစ်နှစ်ကျော်ခန့်ရှိခဲ့ပြီး ၂၀၁၈ ခုနှစ် မေလဆန်းပိုင်းတွင် ကျောင်းကားပြေးဆွဲမှုနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများပြုလုပ်ခဲ့ကာ ယခုကျောင်းဖွင့်ရာသီတွင် စတင်ပြေးဆွဲခဲ့ခြင်းဖြစ်သော်လည်း စီမံမှုစနစ်မကျခြင်း၊ ကျောင်းကားခကြီးမြင့်နေမှုများသည် ရန်ကုန်တိုင်းအစိုးရအနေဖြင့် ဆက်လက်ဖြေရှင်းရမည်ဖြစ်သည်။

Eleven Media Group

0 comments:

Post a Comment