Monday, June 4, 2018

မိုးထိမိုးမိဒေသ၊ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီသို့ မိတ်ဖက်ကုမ္ပဏီများက ပေးသွင်းစရာရှိသည့်ရွှေချိန်များ ပေးသွင်းထားသော်လည်း ရပ်နားခံရသည်မှာ ခြောက်လရှိပြီဖြစ်သဖြင့် နစ်နာမှုများအပေါ် သတင်းစာရှင်းလင်း



မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသ၊ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီနှင့် မိတ်ဖက်အဖြစ် လုပ်ကိုင်နေသော ကုမ္ပဏီများက ၎င်းတို့ပေးသွင်းစရာရှိသည့် ရွှေချိန်များကို အပြည့်အ၀ ပေးသွင်းထားသော်လည်း ရပ်နားခံရသည်မှာ ခြောက်လရှိပြီ ဖြစ်သည့်အတွက် နစ်နာမှုများနှင့် ကြုံတွေ့နေရကြောင်း မန္တလေးမြို့၊ ကန္တာရစိမ်းရွှေကုမ္ပဏီတွင် ယနေ့နံနက် ၁၁ နာရီက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ယခင် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသ၊ ဧရိယာဧက ၆၁၀၀ ကျော်ရှိတဲ့ လုပ်ကွက်ကြီး A တွင် ငါးနှစ်တာ လုပ်ကိုင်ခွင့် တင်ဒါအောင်သော အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက ပြန်လည်ရောင်းချသော အစုရှယ်ယာများအား ရှယ်ယာတစ်စုလျှင် သိန်း ၁၀၀၀ နှုန်းနှင့် မိမိတို့ လုပ်ငန်းရှင်များက အစုရှယ်ယာ ၃၅ စု ၀ယ်ယူကာ တွင်းပေါင်း ၇၀ တူးဖော်လုပ်ကိုင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ၃၅ ဘီလျံကျပ်ငွေ ခန့်ရှိခဲ့ကြောင်း၊ လုပ်ငန်းလုပ်ကိုင်နေသည့် ခြောက်နှစ်တာကာလအတွင်း အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီသို့ ရွှေစင်ပိဿာ ၆၀၇ ပိဿာကို ပေးသွင်းခဲ့ကြောင်း ဒေသခံတိုင်းရင်သားလုပ်ငန်းရှင်များက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

“ကျွန်တော်တို့လုပ်ငန်းရှင်တွေက နိုင်ငံတော်အတွက်ဆိုပြီး သူတို့ (အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ) ကို ဒီခြောက်နှစ်မှာ ရွှေစင်အခွန် ၆၀၇ ပိဿာကို အပြည့်အ၀ ပေးဆောင်ခဲ့ပါတယ်။ သူတို့ကုမ္ပဏီက ပြီးခဲ့တဲ့ ၂၀၁၈ ဇန်န၀ါရီ ၃၁ ရက်ထိ ရွှေချိန် ၃၅၀၀ ကျော် (၃၅၁၅ပိဿာ) ထုတ်ယူခဲ့ပါတယ်။ အဲဒီထဲကမှ နိုင်ငံတော်ကိုသွင်းတာ ရွှေစင်ပိဿာ ၃၀၀ ကျော် (၃၃၈ ပိဿာ) ပဲ သွင်းခဲ့တာပဲ။ ရွှေအဓိကထွက်တဲ့ လုပ်ကွက်ကြီးနေရာကို ယူထားတဲ့ သူတို့ကုမ္ပဏီက ကျွန်တော်တို့လို အစွန်အဖျားနေရာမှာ တူးဖော်ရတဲ့ တိုင်းရင်းသားလုပ်ငန်းရှင်တွေသွင်းတဲ့ ရွှေစင် ပိဿာချိန် ၆၀၀ ကျော်ရဲ့ထက်ဝက်ပဲ အစိုးရကို သွင်းထားပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် သူတို့လိမ်လည်ထားတဲ့ လုပ်ဆောင်ချက်ကို ချိန်ဆသိနိုင်ပါတယ်” ဟု ဒေသခံတိုင်းရင်းသား လုပ်ငန်းရှင်များကော်မတီဒုဥက္ကဋ္ဌ ဦးတင်ညွန့်ဦးက ပြောကြားသည်။

“အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက အစိုးရကိုသွင်းထားတဲ့ ရွှေစင်ပိဿာ ၃၀၀ ကျော်ဆိုတာကလည်း အရင်အစိုးရတုန်းက သွင်းထားတာပါ။ အခုအစိုးရသစ်မှာ သွင်းတာက ကျွန်တော်သိသလောက် ရှစ်ပိဿာပဲ ရှိပါသေးတယ်။ ဘာကြောင့် ဒီလိုဖြစ်နေတယ် ဆိုတာကတော့ ဒါကိုကြည့်လိုက်တာနဲ့ ပေါ်လွင်နေပါပြီ။ ကျွန်တော်က စီးပွားရေးသမားဆိုတော့ သိပ်တော့မသိပေမဲ့ ဒီကိစ္စတွေမှာ နိုင်ငံရေးပါမယ်ထင်ပါတယ်။ နည်းနည်း သွေးတိုးစမ်းကြည့်တဲ့သဘောပါပဲ။ ကြားက ကျွန်တော်တို့က နစ်နာနေရပါတယ်။ အခွန်အဖြစ် ရွှေချိန် အပြည့်အ၀ ပေးဆောင်ပေမဲ့ တင်ဒါအောင်တဲ့ကုမ္ပဏီက အလွဲသုံးစားလုပ်တော့ အခုလို လုပ်ငန်းတွေ ရပ်နားလိုက်ရတဲ့အခါ ကျွန်တော်တို့နောက်က အလုပ်သမား ၂၀၀၀ ကျော်၊ မှီခို ၃၀၀၀ ကျော်အတွက် ခေါင်းကိုက်ရသလို ဒီလုပ်ငန်းကို ရေရှည်လုပ်ကိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံတဲ့ငွေရဖို့ ကျွန်တော်တို့ပိုင်တဲ့ အဆောက်အအုံတွေ၊ ခြံတွေ၊ မိတ်ဆွေတွေဆီက ငွေတိုးနဲ့ ယူထားရတာတွေအတွက် လုပ်ငန်းရှင်တွေ အကုန် အခက်အခဲ တွေ့နေရပါတယ်” ဟု ကန္တာရစိမ်းရွှေတူးဖော်ရေးကုမ္ပဏီက ဦးစိုင်းဝင်းမြင့်က ပြောကြားသည်။

အမျိုးသားတိုးတက်ကြီးပွားရေးကုမ္ပဏီသည် ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသ၊ ဧရိယာဧက ၆၁၀၀ ရှိသော လုပ်ကွက်ကြီး A အား ရွှေတူးဖော်ခွင့် တင်ဒါအောင်မြင်ခဲ့ပြီးနောက် ယင်းလုပ်ကွက်အစွန်အဖျားရှိ ဧက ၂၀၀၀ ကျော်အား ဒေသခံလုပ်ငန်းရှင်များထံ ပြန်လည်လုပ်ပိုင်ခွင့် ချပေးခဲ့ခြင်းဖြစ်ပြီး ပထမထူထောင်ကာလတွင် ရရှိသည့် ရွှေပါဝင်သော ဗြုန်းများ၏ ၅၀၊ ၅၀ နှုန်း၊ ဒုတိယထူထောင်ကာလတွင် ၆၀၊ ၄၀ နှုန်း၊ တတိယကာလတွင် ၇၀၊ ၃၀ နှုန်းဖြင့် လုပ်ပိုင်ခွင့်ချပေးခဲ့ခြင်းဖြစ်ပြီး ဒေသခံလုပ်ငန်းရှင်များက မိမိတို့၏ လုပ်လက်စ ရွှေတွင်းများကို ဆက်လက်လုပ်ကိုင်ခွင့်ရပါက နိုင်ငံတော်က ပြဋ္ဌာန်းသည့်သတ်မှတ် အခွန်အခများကို အပြည့်အ၀ ပေးချေနိုင်ကြောင်း ရှင်းလင်းပွဲမှ ပြောကြားချက်များအရ သိရသည်။

မင်းမင်းစိုး
Eleven Media Group


0 comments:

Post a Comment