ရှမ်းပြည်နယ် တောင် ကြီးမြို့တွင် ရုတ်တရက်မိုးကြီးပြီးနောက် ရပ်ကွက်ငါးခု ရေဘေးကြုံတွေ့ခဲ့ရာ နေအိမ် ၆၃ လုံး ထိခိုက်ပျက်စီးပြီး လူ ၂၀၀ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရသည်။
တောင်ကြီးမြို့တွင် အောက်တိုဘာ ၁ ရက် မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၃ နာရီအတွင်း တစ်နာရီခွဲ ခန့်ကြာ သဲသဲမဲမဲ ရွာခဲ့ရာ ချမ်းမြသာစည်၊ စဝ်စံထွန်း၊ ရွှေတောင်၊ စိန်ပန်းရပ်ကွက်နှင့် အေးသာယာ မြို့ အမှတ်(၁)ရပ်ကွက်တို့၌ ရေကြီးနစ်မြုပ်ခဲ့ကြောင်း ရှမ်းပြည် နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးစိုးနိုင် က ပြောသည်။
‘‘အခုဟာက တစ်ခါမှ မဖြစ် ဖူးတဲ့နေရာတွေ။ ချမ်းမြသာစည် ရပ်ကွက်က မြေနိမ့်ပိုင်းဆိုတော့ ရေတော်တော်ဝင်တယ်။ ကျန်တဲ့ ရပ်ကွက်တွေကတော့ တောင်ကျ ရေဖြတ်တိုက်စားတာ’’ဟု ဦးစိုးနိုင် က ပြောသည်။
လွန်ခဲ့သော နှစ်(၂၀)ခန့်အတွင်း ယင်းကဲ့သို့ ရေကြီးနစ်မြုပ်မှုမျိုး မကြုံတွေ့ခဲ့ဖူးကြောင်း မြို့ခံများက ပြောသည်။
အောက်တိုဘာ ၁ ရက် ည ၈ နာရီခန့်တွင် ရပ်ကွက်အတွင်း ရေပြန်ကျနေသော်လည်း မိုးထပ်မံရွာသွန်းပါက ရေပြန်မကျမည်ကို ဒေသခံများနှင့် တာဝန်ရှိသူများက စိုးရိမ်နေသည်။ မြို့ပေါ်ရပ်ကွက်အချို့၌ တောင်ကျရေဝင်ရောက်သည့် အခြေအနေကို ဒေသခံအချို့က ဖုန်းကင်မရာဖြင့် ဗီဒီယိုရိုက်၍ လူမှုကွန်ရက်ပေါ် တင်ခဲ့ရာ တောင်ကျရေသည် အိမ်နံရံအချို့ကို တိုက်စား၍ အရှိန်ပြင်းစွာ စီးနေသည်ကို တွေ့ရသည်။
‘တိုက်တွေကြားကနေ ရေ တွေ စီးနေတာမြင်မြင်ချင်း မုန် တိုင်းဝင်နေတဲ့ဂျပန်နိုင်ငံမှာ ဖြစ် နေတယ်ထင်တာ။ တောင်ကြီး ဖြစ်နေတယ်’ ဟု ရန်ကုန်မြို့ခံတစ်ဦးက မှတ်ချက်ပြုသည်။
ရေဘေးအဆိုးရွားဆုံးကြုံခဲ့ သော ချမ်းမြသာစည်ရပ်ကွက် သည် မြေနိမ့်ပိုင်းဖြစ်ပြီး ရေအနက် သုံးပေမှ ငါးပေခန့် နစ်မြုပ်ခဲ့သည်။ နေအိမ် ၂၂ လုံးတွင် အောက်ထပ် နေရာများ ရေဝင်နစ်မြုပ်ခဲ့သည်။ စဝ်စံထွန်းရပ်ကွက်၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းရှိ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း အုတ်တံတိုင်းအရှည် ပေ ၃၀ ခန့်နှင့်ရွှေနေကြာလမ်းရှိ တိုက်နံရံ ပေ ၄၀ ခန့် ပြိုကျခဲ့ပြီး နေအိမ်အတွင်းရှိ ပရိဘောဂပစ္စည်းများ ပျက်စီးခဲ့သည်။ တောင်ကျရေတိုက် စား၍ အခက်ကြုံခဲ့သော အဆိုပါအိမ်မှ ပရိဘောဂပစ္စည်းများကို ဒေသခံများက ဝိုင်းဝန်းရွှေ့ပြောင်းပေးခဲ့ရသည်။
ရွှေတောင်ရပ်ကွက်တွင် နေအိမ် ၁၀ လုံး ထိခိုက်ပျက်စီးခဲ့သည်။ အေးသာယာမြို့၊ အမှတ်(၁)ရပ်ကွက်တွင် နေအိမ် ၁၅ လုံး ရေဝင်ခဲ့ပြီး အိပ်ရာလိပ်များ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် ကြက်၊ ဝက်အချို့ ရေစီးနှင့် မျောပါဆုံးရှုံးခဲ့သည်။ စိန်ပန်းရပ်ကွက်တွင် ရေဘေးသင့်လူဦးရေ အများဆုံးဖြစ်ကာ ဒေသခံ ၁၀၇ ဦးသည် နီးစပ်ရာ ဆွေမျိုးများအိမ်၌ သွားရောက်နေထိုင်ရကြောင်း တောင်ကြီးမြို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဆိုသည်။
‘‘မိုးက ရုတ်တရက်ကြီး ချ တာ။ ဘာမှ သိမ်းဆည်းချိန်မရခဲ့ ဘူး။ တောင်ကျရေဆင်းတာက ကြောက်စရာကောင်းတယ်။ တစ် အိမ်ချင်း ဆုံးရှုံးမှုများတယ်။ ရေ ပြန်ကျမှ အကုန်ပြန်လုပ်ရမယ်’’ ဟု ချမ်းမြသာစည်ရပ်ကွက်မှ ဒေ သခံတစ်ဦးက ပြောသည်။
ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၁၀၀ ကျော်ရှိကြောင်း တာဝန်ရှိသူများက ခန့်မှန်းထုတ်ပြန်ထားကာ ရေဘေးကြောင့် တိမ်းရှောင်ရသော လူ ၂၂၉ ဦး ရှိခဲ့သည်။ ရေပြန်ကျပါက အသေးစိတ်တွက်ချက်ရန် လိုအပ်ပြီး ဆုံးရှုံးမှု တန်ဖိုး ယခုထက် မြင့်တက်လာဖွယ်ရှိကြောင်း ဦးစိုးနိုင်က ပြောသည်။
တောင်ကြီးတွင် အောက်တို ဘာ ၁ ရက် နံနက် ၉ နာရီခွဲမှ ညနေ ၆ နာရီခွဲအတွင်း မိုးရေချိန် ၁ ဒသမ ၆ လက်မခန့် ရွာခဲ့သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပြောသည်။ နံနက်မှ နေ့လယ်အထိ ရာသီဥတု သာယာပြီး မွန်းလွဲ ၁ နာရီ မိနစ် ၃၀ က စကာ ရုတ်တရက်မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း ဒေသခံများက ပြောသည်။လတ်တလော ရာသီဥတုအခြေအနေအရ ရှမ်းပြည်နယ်အပါအဝင် ဒေသအများစု မိုးဆက်လက်ရွာနိုင်ပြီး မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလဌာနက သတိပေးထားသည်။
နာရီပိုင်းအတွင်း နေရာ ကွက် မိုးကြီးခြင်း၊ လေပြင်းတိုက် ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းစသည့်ဖြစ်ရပ်များသည် အနောက်တောင် မုတ်သုံလေ ဆုတ်ခွာသွားချိန်တွင် ဖြစ်တတ်သော မိုးတိမ်တောင် ကြောင့်ဖြစ်ပြီး အောက်တိုဘာ တစ်လလုံးနှင့် နိုဝင်ဘာလဆန်းအ ထိ သတိပြုနေထိုင်ရန် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားသည်။
7Day
0 comments:
Post a Comment