Tuesday, October 30, 2018

ဂျကာတာမြို့ ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် ပျက်ကျမယ့်လေယာဉ်နဲ့ လွဲချော်သွားတဲ့သူ


မြန်မာအယူမှာ ကံဖယ်တယ်ဆိုတဲ့ စကားရှိပါတယ်။ ဘေးဆိုးအန္တရာယ်ကျရောက်မယ့် အခြေအနေတစ်ခုကနေ အကြောင်းတစ်ခုခုကြောင့် လွဲချော်သွားတာမျိုးကို ရည်ညွှန်းတာပါ။ အင်ဒိုနီးရှား နိုင်ငံသား ဆိုနီဆီတိုင်ဝန်ရဲ့အဖြစ် ကလည်း ကံဖယ်တယ်လို့ တင် စားရမှာ ဖြစ်ပါတယ်။ 
အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းက ဆိုနီဟာ ဂျကာတာ မြို့ လေယာဉ်ကွင်းကို ရောက်ဖို့ စိတ်စောနေခဲ့ပါတယ်။ သူဟာ လေဆိပ်ကနေ ပျံတက်မယ့် Lion Air လေကြောင်း ခရီးစဉ်အမှတ် JT610 လေယာဉ်နဲ့ လိုက်သွားဖို့ မမီတော့ဘူးဆိုတာကို တွေးမိတိုင်း နာမည်ဆိုးနဲ့ ကျော်ကြား လွန်းတဲ့ ဂျကာတာ ယာဉ်ကြောပိတ်ဆို့မှုကို တဖျစ်တောက် တောက် ကျိန်ဆဲနေခဲ့ပါတယ်။ တကယ်လည်း ဆိုနီဟာ အဲဒီလေယာဉ်နဲ့ လွဲချော်သွားပါတယ်။ ဒီအလွဲကပဲ သူ့ကို နောက်တစ် နေ့မနက် နေထွက်တာကို တွေ့ မြင်နိုင်အောင် အသက်ရှင်ခွင့်ရ စေခဲ့တာပါ။ 

Boeing 737 အမျိုးအစား ခရီးသည်တင်လေယာဉ် ပင်လယ်ထဲပျက်ကျသွားတဲ့ သတင်းဟာတစ်ကမ္ဘာလုံးကို ချောက်ချားစေခဲ့ ပါတယ်။ JT610 ကို မမီလိုက်လို့ နောက်လေယာဉ်တစ်စီးပေါ်တက်သုတ်ရိုက်ပြီး ပြေးတက်ခဲ့ရတဲ့ ဆိုနီလည်း ဒီအကြောင်းကို ကြားလိုက်ရတဲ့ အချိန်မှာ အရမ်း အံ့ဩ ထိတ်လန့်သွားခဲ့ပါတယ်။ တကယ်လို့ သူသာ ဒီထက် အချိန်နည်းနည်းစောပြီး အိမ်ကထွက် ခဲ့မိရင်၊ လမ်းတစ်လျှောက်မှာသာ ယာဉ်ကြော ရှင်းလင်းနေခဲ့မယ်ဆိုရင် အခုလောက်ဆို တခြားခရီး သည်တွေနည်းတူ ရေအောက် သင်္ချိုင်းမှာ နစ်မြုပ်နေလောက်ပြီ ဆိုတာကို တွေးမိသွားလို့ပါပဲ။ 

လေယာဉ်ပျက်ကျတဲ့ အောက်တိုဘာ ၂၉ ရက် နေ့လယ် ပိုင်းလောက်မှာပဲ ပင်လယ်ပြင်မှာ အပျက်အစီးတွေကို စတင်ရှာတွေ့ခဲ့ပါတယ်။ ကယ်ဆယ်ရေးတွေက ရုပ်အလောင်းတချို့ကိုလည်း ဆွဲတင်လာနိုင်ခဲ့ကြတယ်။ ရေငုပ်သမားတွေဟာ ကြမ္မာဆိုး ကြုံခဲ့တဲ့ လေယာဉ်ပျက်ရဲ့ ကိုယ်ထည်ကို လိုက်လံရှာဖွေနေပြီး အောက်တိုဘာ ၃၀ ရက် ညပိုင်းထိတော့ ရည်မှန်းချက် အထမ မြောက်သေးပါဘူး။ သေချာ ပေါက် ပြောနိုင်တာကတော့ လေယာဉ်ပေါ်လိုက်ပါသွားသူ ၁၈၉ ဦးစလုံး အသက်ရှင်ဖို့ မျှော်လင့်ချက် မရှိတော့ဘူး ဆိုတာပါပဲ။ 

ဆိုနီက သေဘေးကနေ လွတ်မြောက်ခဲ့တဲ့ သူ့ရဲ့ လွဲချော်မှုအကြောင်း AFP နဲ့ အင်တာ ဗျူးမှာ ပြောပြခဲ့ပါတယ်။ အင်ဒို နီးရှား ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဆိုနီဟာ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ အဲဒီ လေယာဉ်ကို ပုံမှန်စီးနင်းလေ့ရှိပါတယ်။ သူ့ရဲ့ အလုပ်တာဝန် အရ ပန်ကယ်လ်ပီနန်ကို မကြာ ခဏသွားရောက်ရတဲ့အတွက် ကြောင့်ပါ။ အဲဒီနေ့ကတော့ သူ့ရဲ့ အလုပ်ခွင်က သူငယ်ချင်းအားလုံး လေယာဉ်ပေါ် ရောက်သွားကြပေမယ့် ဆိုနီကတော့ ယာဉ်ကြောပိတ်ဆို့မှုတစ်ခုနဲ့ ကြုံနေပြီး ဆိုကာနိုဟတ္တားလေဆိပ်ကို အချိန်မီ မရောက်ခဲ့ပါဘူး။ 

‘‘ကျွန်တော်က JT610 ကို ပုံမှန်စီးနေကျပါ။ ကျွန်တော့် သူငယ်ချင်းတွေလည်း ဒီလေ ယာဉ်နဲ့ပဲ လိုက်လေ့ရှိတယ်။ ဒီနေ့ကျမှ ကားလမ်းတွေက အရမ်းပိတ်နေတယ်။ ရောက်နေကျအ ချိန်ထက် သုံးနာရီ ကျော်ကျော် လောက် နောက်ကျပြီးမှ လေဆိပ် ကို ကျွန်တော် ရောက်ခဲ့ပါတယ်။ အဲဒါနဲ့ပဲ လေယာဉ်ကို မမီဘဲ လွတ်သွားခဲ့တာပါ’’လို့ ဆိုနီက ဆိုတယ်။ 

လူဦးရေ ၁၀ သန်းကျော် နေထိုင်တဲ့ ဂျကာတာမြို့ဟာ အရှေ့တောင်အာရှရဲ့ ယာဉ် ကြောအကျပ်ဆုံး၊ အရှုပ်ထွေးဆုံး မြို့ကြီးတစ်ခုအဖြစ် နာမည်ဆိုးနဲ့ လူသိများပါတယ်။ ဒါပေမဲ့ အခု တော့ အဲဒီနာမည်ဆိုးကပဲ ဆိုနီရဲ့ အသက်ကို ကယ်ဆယ်လိုက်တာ ဖြစ်ပါတယ်။ 

JT610 ဟာ လေဆိပ်ကနေ ချောချောမောမော ပျံတက်သွား ပြီး ၁၃ မိနစ်အကြာမှာ လေ ကြောင်း ထိန်းသိမ်းရေးမျှော်စင်နဲ့ အဆက်အသွယ် လုံးဝပြတ် တောက်သွားပါတော့တယ်။ သက်ဆိုင်ရာ အရာရှိတွေက ဘက် ပေါင်းစုံက စစ်ဆေးပြီးတဲ့နောက် လေယာဉ်ဟာ ဂျာဗားပင်လယ်ထဲ ပျက်ကျသွားကြောင်း တစ်ကမ္ဘာလုံးကို အသိပေးကြေညာလိုက်ပါ တယ်။ ဆိုနီက သေဘေးက လွတ်မြောက်ခဲ့ပေမယ့် သူ့ရဲ့ လုပ်ဖော် ကိုင်ဖက် ၂၀ ကျော်ကတော့ သူတို့ရဲ့ အိမ်ကို ဘယ်တော့မှ ပြန်လာနိုင်ကြတော့မှာမဟုတ်ပါဘူး။ 

‘‘သတင်းကြားကြားချင်း ကျွန်တော် ငိုမိတယ်။ ဘယ်လိုမှ ဟန်မဆောင်နိုင်ခဲ့ဘူး။ ကျွန်တော့် သူငယ်ချင်းတွေအကုန် အဲဒီလေ ယာဉ်ပေါ် ပါသွားကြတာဗျ’’လို့ ဆိုနီက ကြေကြေကွဲကွဲ ပြောပြပါတယ်။ ဆိုနီဟာ တခြားလေယာဉ် တစ်စီးပေါ် လိုက်ပါရင်း ပန် ကယ်လ်ပီနန်ကို ရောက်သွားခဲ့ပါ တယ်။ သူ့စိတ်ထဲမှာတော့ လုပ် ဖော်ကိုင်ဖက်တွေက လေယာဉ်နောက်ကျတဲ့ သူ့ကို နောက်ပြောင်ကြတော့မယ်လို့ပဲ တွေးနေခဲ့မိတာပါ။ လေဆိပ်ကို ချောချောမော မော ဆိုက်ရောက်ပြီးချိန်ကျမှ အခုသတင်းဆိုးက သူ့ကို စောင့်ကြိုနေတာလို့ ဆိုနီက ဖွင့်ဟပါ တယ်။ 

အဲဒီကျမှ သူလည်း အိမ်ကိုကတိုက်ကရိုက် ဖုန်းခေါ်ရပါတော့တယ်။ လေယာဉ်ပျက်ကျတဲ့ သတင်းကိုကြားပြီး ဆောက်တည်ရာမရဖြစ်နေတဲ့ မိသားစုဝင်တွေ လည်း ဆိုနီရဲ့ အသံကို ကြားရမှဝမ်းနည်း၊ ဝမ်းသာ ငိုကြွေးကုန်ကြပါတော့တယ်။ ‘‘သတင်းကြားပြီး ပြီးချင်း ကျွန်တော့် မိသားစုက အ ရမ်းတုန်လှုပ်နေကြတာပါ။ အမေ ဆိုရင် ကျွန်တော် ဖုန်းဆက်တော့ ချုံးပွဲချပြီး ငိုတယ်။ ကျွန်တော် ဘေးကင်းတဲ့အကြောင်း သူတို့ကိုပြောပြပါတယ်။ ကျွန်တော် ကံ ကောင်းခဲ့တာပါ။ ကျွန်တော့်သူငယ်ချင်းတွေအတွက်တော့ အ ရမ်း ကြေကွဲမိပါတယ်’’လို့ ဆိုနီက AFP ကို ပြောပြရင်း အသံတိမ်ဝင် ဆို့နင့်သွားပါတော့တယ်။ 

တကယ်တော့ JT610 ဟာ ဝန်ထမ်းနဲ့ ခရီးသည် ၁၉၀ တိတိတင်ဆောင်ပြီး ပျံသန်းဖို့ ရည် ရွယ်ထားတာပါ။ လေယာဉ်ပေါ်ကနေ ကျန်ခဲ့တဲ့ တစ်ဦးတည်း သော ပုဂ္ဂိုလ်က ဆိုနီပါပဲ။ 

ဆိပ်ကမ်းဘက်ကို မျှော် ကြည့်ရင်တော့ ဝင်လိုက်ထွက် လိုက် ခုတ်မောင်းနေတဲ့ ကယ် ဆယ်ရေးလှေတွေကို မြင်ရမှာပါ။ကယ်ဆယ်ရေး ဝန်ထမ်းတွေက ရှာတွေ့သမျှ လေယာဉ် အစိတ်အ ပိုင်းတွေနဲ့ လူသုံးပစ္စည်းတွေကို ဆိပ်ကမ်းက သတ်မှတ်နေရာမှာ စုပုံရင်း စနစ်တကျ စာရင်းမှတ်သားနေပါတယ်။ တစ်ဖက်ခြမ်းမှာ တော့ ရင်ကွဲမတတ် ပူဆွေးမှုတွေဖိစီးပြီး ငိုယိုနေတဲ့ မိသားစုဝင် တွေကို တွေ့ရမှာပါ။ လက်တွေ့ မဖြစ်နိုင်မှန်း သိထားပေမယ့် သေ ဘေးကနေ တစ်နည်းနည်းနဲ့ လွတ်မြောက်ပြီး သူတို့ချစ်ခင်တဲ့သူတွေ အသက်ရှင်လျက် ပြန်လာမယ်ဆိုတဲ့ စိတ်ကူးယဉ် မျှော်လင့်ချက်တွေကို လျော့ရိလျော့ရဲ ဆုပ် ကိုင်ရင်း သတင်းစောင့်နေကြတာ ဖြစ်ပါတယ်။ 

အဲဒီထဲမှာ လာတိဖ်နော်ဘာနာနဲ့ ဇနီးဖြစ်သူ ယက်တီအကီကာ ဆူမီယာတီတို့လည်း ပါဝင်ပါတယ်။ သူတို့ရဲ့ အသက် (၂၄)နှစ်အရွယ် သားဖြစ်သူ လွတ်ဖီနူရမ်ဒါနီဟာ JT610 နဲ့ လိုက်ပါသွားခဲ့တာ ဖြစ်ပါတယ်။ ‘‘မနေ့ကထိ ကျွန်တော့်သားနဲ့ အေးအေးလူလူ စကားလက်ဆုံ ကျနေခဲ့ပါ သေးတယ်။ သူ့ဇနီးအကြောင်း ပြောနေတာပါ။ မိန်းကလေးက အခု ကိုယ်ဝန်ဆောင်ထားတာ ခုနစ်လရှိပြီလေ။ ကျွန်တော့်သားက အနာဂတ်နဲ့ ပတ်သက်လို့ သူ့ အိပ်မက်တွေ၊ သူ့မျှော်လင့်ချက် တွေကို တတွတ်တွတ် ပြောနေတာ။ သူ့ကိုယ်ပိုင် မိသားစုလေး ထူထောင်နိုင်မယ့်အကြောင်းကို အိပ်ပျော်တဲ့ထိ မမောတမ်း ပြောနေခဲ့တာ’’လို့ လာတိဖ်က ကြေ ကြေကွဲကွဲ ဆိုပါတယ်။ 
‘‘အခုတော့ သူထွက်သွားခဲ့ပြီပေါ့။ ကျွန်တော်တို့ကို ဒီလို နည်းနဲ့ သူခွဲခွာသွားမယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး။ လေယာဉ်ပျက်ကျတယ်ဆိုတာ ကြားတုန်း က လုံးဝမယုံနိုင်ခဲ့ဘူး။ ဒါမျိုး သတင်းတွေက TV မှာပဲ တွေ့ခဲ့ဖူးတာလေ။ အခုတော့ ကျွန်တော့်သားပါ ပါသွားခဲ့ပြီ။ ကျွန်တော် တို့ သူ့အလောင်းကို ပြန်လိုချင်ပါ တယ်။ သူ့မျက်နှာ၊ သူ့ခန္ဓာကိုယ် ရုပ်ကြွင်း ဖြစ်နိုင်သမျှ အားလုံး ကိုပေါ့’’လို့ မျက်ရည်တွေ စီးကျ လာတဲ့ အမျိုးသားကြီးက ဖွင့်ဟ ခဲ့ပါတယ်။ 

Ref: AFP, Au News
7Day

0 comments:

Post a Comment