Tuesday, October 2, 2018

အထွေထွေကုန်စည်တန်ဆာခ ၁၀ ရာခိုင်နှုန်း တိုးကောက်မည်


စက်သုံးဆီဈေးနှုန်းများမြင့်တက်မှုကြောင့် ရန်ကုန်မှ အခြားဒေသများသို့ တင်ဆောင်မည့် အထွေထွေကုန်စည် တန်ဆာခများကို အောက်တိုဘာလအတွင်း ၁၀ ရာခိုင်နှုန်း တိုးကောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ 
ရန်ကုန်မှ မုံရွာ၊ မော်လမြိုင်၊ ရခိုင်၊ မကွေး၊ တောင်ကြီး၊ ပြည်နှင့် ပုသိမ် အပါအဝင် ဧရာဝတီတိုင်းသို့ တင်ဆောင်မည့် ကုန်စည်တန်ဆာခများကို တိုးကောက်မည်ဖြစ်ပြီး တိုးကောက်ရန် ကုန်စည်တင်ဆောင်သူများနှင့် ညှိနှိုင်းလျက်ရှိကြောင်း ယင်းအသင်းထံမှ သိရသည်။ 

လက်ရှိတွင် စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေခြင်း၊ အစိုးရက ပြည်ပမှ Re- export သကြားတင်သွင်းမှုကို ယာယီ ရပ်ဆိုင်းခြင်းနှင့် ဒေါ်လာဈေးမြင့်တက်၍ ကုန်ပစ္စည်းတင်သွင်းမှု နည်းပါးသွားပြီး အဝေးပြေးကုန်တင်ယာဉ်များ တွက်ခြေမကိုက်သောကြောင့် တိုးကောက်ရန်စီစဉ်ခြင်းဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။ 

“ရှားပါးနေတဲ့အချိန်မှာ ကားခတွေ တက်ဖို့က အရမ်းအခက်အခဲဖြစ်တယ်။ တန်ချိန်နဲ့ကောက်တဲ့ ဆန်၊ သံချောင်းနဲ့ ပဲသီးနှံတို့ မပါဘူး။ အိမ်သုံးကုန်၊ စားသောက်ကုန်တို့ကို စပ်သယ်ကြတဲ့ ပိဿာနဲ့ကောက်တဲ့ အထွေထွေ ကုန်တွေကို တိုးမှာ”ဟု ယင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

ရန်ကုန်-မုံရွာ အထွေထွေကုန်စည် တင်ဆောင်ခ တစ်ပိဿာလျှင် ၁၅၀ ကျပ်၊ ရန်ကုန်-မော်လမြိုင် တင်ဆောင်ခ ၈၀ ကျပ်၊ ရန်ကုန်-စစ်တွေ တင်ဆောင်ခ ၂၅၀ ကျပ်၊ ရန်ကုန်-မူဆယ် တင်ဆောင်ခ ၁၃၅ ကျပ်၊ ရန်ကုန်-နေပြည်တော် တင်ဆောင်ခ ၆၀ ကျပ်၊ ရန်ကုန်-မကွေး တင်ဆောင်ခ ၈၅ ကျပ်၊ ရန်ကုန်-ဟင်္သာတ တင်ဆောင်ခ ၃၅ ကျပ် ကောက်ခံလျက်ရှိကြောင်း ယင်းအသင်းထံမှ သိရသည်။ 

အဝေးပြေးကုန်တင်ယာဉ်များအနေနှင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်၍ တွက်ခြေမကိုက်မှုများကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အဝေးပြေးကုန်တင်ယာဉ် ၃၀ ရာခိုင်နှုန်းခန့် ရပ်နားထားရကြောင်း မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။


The Voice

0 comments:

Post a Comment