Thursday, November 29, 2018

ပုသိမ်မြို့ဘူတာညဈေးအချိန့်ကန့်သတ်မှုကြောင့် ဈေးသည်များအခက်အခဲကြုံနေ


ပုသိမ်မြို့ဘူတာရုံလမ်း၊ အောင်ဧရာဈေးရှေ့တွင် နေ့စဉ်ရောင်းချနေသည့် ညဈေးမှ ဈေးသည်များအနေဖြင့် ဈေးကြီးကြပ်ရေးကော်မတီနှင့် စည်ပင်သာယာအဖွဲ့၏ အချိန်ကန့်သတ်မှုကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရာကြောင်းသိရသည်။ 
ယခင်ကအဆိုပါ ရထားသံလမ်းတွင် ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိဈေးဖွင့် ရောင်းချနေသော်လည်းအောင်ဧရာဈေးမှ ဈေးသည်များကတိုင်ကြားမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ည ၈ နာရီမှ နံနက် ၅ နာရီအထိသာရောင်းချရန် ဈေးကြီးကြပ်ရေးကော်မတီနှင့် စည်ပင်သာယာရေးအဖွဲ့မှ ကန့်သတ်ခဲ့ခြင်း ဖြစ်သည်။ 

"အရင်ကဆို ည ၆ နာရီထွက် မနက် ၆ နာရီဆိုသိမ်းဆိုတော့ ဈေးရောင်းချိန်နဲ့ဈေးဝယ်သူတွေလည်းအဆင်ပြေတယ်လေ။ ခုကျ လူမရှိတဲ့ အချိန် ည ၈ နာရီကနေမနက် ၅ နာရီအထိဆိုတော့ ကုန်တွေလည်းရောင်းလို့မကုန် ကိုယ်စားဖို့မပြောနဲ့ ကုန် ဖိုးငွေပြန်ရှင်းဖို့တောင် ဒုက္ခရောက်တယ်" ဟုကုန်စိမ်းရောင်းသူဒေါ်သေးသေးကပြောသည်။ 

အဆိုပါ ဈေးသည်များအခက်အခဲဖြစ်ပေါ်နေမှုနှင့် ပတ်သက်၍လည်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး ၀န်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များညှိနှိုင်းကာဈေးသည်များအားနေရာချထားပေးနိုင်ရေးမြေနေရာရှာဖွေမှုများ ပြုလုပ်နေကြောင်းသိရသည်။ 
" ဈေးသည်တွေအခက်အခဲဖြစ်နေတာလည်းသိပါတယ်။ အဲဒီအတွက် အစ်ကိုတို့လည်းဝန်ကြီးနဲ့ ကွင်းဆင်းပြီးအဆင်ပြေမယ့်နေရာရှာပေးနေပါတယ်။ သူတို့အတွက်ပါ"ဟုပုသိမ်မြို့နယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူထွေးကပြောသည်။အဆိုပါ ဘူတာညဈေးနေရာသို့ လာရောက်ရောင်းချသည့်ဈေးသည်များသည် ပုသိမ်မြို့ အနီးပတ်ဝန်းကျင်ဒေသများမှ ဒေသထွက်ကုန်များကိုရထား၊ သင်္ဘောတို့ဖြင့် သယ်ဆောင်ကာလာရောက်ရောင်းချနေသူများဖြစ်ကြောင်းသိရသည်။ 
"လူတွေမရှိတော့မှ ဆိုင်ခင်းရောင်းရတော့ အရင်လိုဝင်ငွေမလောက်ငှဘူးလေ။ အဲဒါကြောင့် ရောင်းစရာနေရာမရှိတော့ ည ၈ နာရီမတီးခင်အထိရထားသံလမ်းပေါ်မှာပဲရောင်းရတာပေါ့။ ၈ နာရီမတီးခင် ဈေးရောင်းရင်ဖမ်းတာနဲ့ မနက်ဆို ၅ နာရီထိုးတာနဲ့ ဈေးကောက်ကောက်ပြီး နှင်တော့တာဆိုတော့ ကျွန်မတို့မှာကြောက်လဲကြောက်ရတယ်လေ။ အရင်လို ည ၆ နာရီကနေမနက် ၆ နာရီလောက်ထိတော့ ရောင်းချခွင့်ပြုစေချင်တယ်" လို့ ငသိုင်းချောင်းမြို့နယ်မှ ဒေသထွက် ဟင်းသီးဟင်းရွက်များလာရောက်ရောင်းချသောဈေးသည် မဝင်းဝင်းမော်ကပြောသည်။ 
လက်ရှိတွင် သံလမ်းဘေးဈေးရောင်းသူများမီးရရှိရေးအတွက် အနီးပတ်ဝန်းကျင်ရှိ ထာဝရဖြူစင်ဆွမ်းလောင်းအသင်းမှ စီစဉ်ဆောင်ရွက်ပေးထားကြောင်းယင်းဆွမ်းလောင်းအသင်းဥက္ကဋ္ဌ၏ ပြောကြားချက်အရသိရသည်။ 

ရဲသွေးနီ - ပုသိမ်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment