Thursday, November 29, 2018

ရွှေဆိုင်ပိုင်ရှင်က ရွှေထည်အပ်နှံထားသူကို ရေနွေးပူဖြင့်လောင်း


ပြည်ခရိုင် ပန်းတောင်းမြို့ မင်းရပ်တွင် ရွှေဆိုင်ဖွင့်လှစ်ထားသော အမျိုးသမီးက ရွှေထည်လာရောက်ရွေးသူ အမျိုးသမီးတစ်ဦးကို ရေနွေးပူဖြင့်လောင်းမှု နိုဝင်ဘာ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ပန်းတောင်းရဲစခန်းထံမှ သိရသည်။ 
ရွှေထည် လာရွေးသူကို ရေနွေးပူဖြင့်လောင်းသော အသက် ၇၂ နှစ်အရွယ် ဒေါ်ညွန့်ညွန့်မှာ ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်၏ မိခင်ဖြစ်သည့်အပြင် ခင်ပွန်းဖြစ်သူမှာ မင်းရပ်တွင် ဆေးခန်းဖွင့်လှစ်ထားသူဖြစ်ကြောင်း ပန်းတောင်းမြိုခံများထံမှ သိရသည်။ 

“ရွှေဈေး ၉ သိန်းကတည်းက ၁၅ ပဲရည် ၂ ပဲ လုပ်ထားတာ မပြည့်လို့ ပြန်ပြင်ခိုင်းတာ ပထမ ၁၇ ရက် ချိန်းတယ်၊ ဒုတိယ ၁၃ ရက် ချိန်းတယ်၊ ဒုတိယ ၁၃ ရက် ၂၅ ရက် ပြည့်မှာ၊ ၂၄ ရက်နေ့ညနေက အဲဒီအိမ်ကိုသွားရင်းနဲ့ မနက်ဖြန်ကျရင် လက်စွပ်ရက်ချိန်း ပြည့်ပြီလို့ အသိပေးပြီး TV ရှေ့လှဲရင်း ကြည့်နေတုန်း ရေပုံးအပြာနဲ့ ရေနွေးပူ ထည့်ထားတာနဲ့ ပက်လိုက်တာ ထပြေးတော့ ဝုန်းခနဲ လဲကျသွားတယ်။ အော်ပြီး အကူအညီတောင်းတော့ ရောက်လာပြီး ဆေးရုံလိုက်ပို့ပေးတယ်”ဟု ရေနွေးပူနှင့် လောင်းခံရသူ အသက် ၃၃ နှစ်အရွယ် ဒေါ်မိုးသူဇာက ပြောကြားသည်။ 

ရေနွေးပူဖြင့် လောင်းခံရသူ ဒေါ်မိုးသူဇာက ရွှေဆိုင်ပိုင်ရှင် အသက် ၇၂ အရွယ် ဒေါ်ညွန့်ညွန့်ကို ရာဇသတ်ကြီး ပုဒ်မ ၃၂၄ ဖြင့် အမှုဖွင့်ထားပြီး တိုင်ကြားခံရသူ ဒေါ်ညွန့်ညွန့်ကလည်း ပိုင်နက်ကျူးလွန်မှု၊ နာကျင်စေမှုတို့ဖြင့် ပြန်လည်အမှုဖွင့်ထားကြောင်း ပန်းတောင်းရဲစခန်းမှ စုံစမ်းသိရှိရသည်။ 

ရေနွေးပူဖြင့် လောင်းခံရသူ ဒေါ်မိုးသူဇာမှာ အဆိုပါ အိမ်သို့ ပုံမှန်ဝင်ထွက်နေသူဖြစ်ပြီး ရွှေထည်များ ပြန်လည်ရောင်းချပေးခြင်း အပါအဝင် အိမ်မှုကိစ္စများကို ကူညီလုပ်ကိုင်ပေးနေသူဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။ 

“ပတ်ဝန်းကျင်က လူများရဲ့ အကူအညီနဲ့ ဆေးကုနေရတာ၊ ဆေးကုသစရိတ်နဲ့ လက်စွပ်လည်း ပြန်ရမယ်ဆို အဆင်ပြေမှာပါ”ဟု ဒေါ်မိုးသူဇာက ဆိုသည်။ 

အဆိုပါကိစ္စနှင့် ပတ်သက်၍ မည်ကဲ့သို့ ပါဝင်ညှိနှိုင်းပေးခြင်း ရှိမရှိကို (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်သို့ ဖုန်းဖြင့် ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။ 

The Voice 

0 comments:

Post a Comment