Friday, November 30, 2018

ပုသိမ်စက်မှုစီမံကိန်း၌ လုပ်သားတစ်သိန်းခန့်နိုင်မည့် စက်ရုံ ၅၀ တရုတ်ကုမ္ပဏီက တည်ဆောက်မည်


ဧရာဝတီတိုင်း ပုသိမ်စက်မှုမြို့တော် စီမံကိန်းဧရိယာအတွင်း၌ လုပ်သားတစ်သိန်းခန့်ထားနိုင်မည့် အထည်ချုပ်စက်ရုံ များအပါအဝင် စက်ရုံ ၅၀ ကို တရုတ်ကုမ္ပဏီနှင့် မြန်မာကုမ္ပဏီတို့ပူးပေါင်းတည်ဆောက်မည်ဖြစ်ကြောင်း Ayeyarwaddy Development Public ကုမ္ပဏီထံမှ သိရသည်။ 
ဧရာဝတီတိုင်းအစိုးရ၏ ပုသိမ်စက်မှု မြို့တော်စီမံကိန်းဧရိယာမြေဧက ၂၇၀၀ အတွင်း အဆိုပါစက်ရုံများကို Ayeyarwaddy Development Public ကုမ္ပဏီနှင့် တရုတ်နိုင်ငံမှ Textile City Group ကုမ္ပဏီတို့ ပူးပေါင်း၍ အမေရိကန်ဒေါ်လာ ၁၀ သန်းကို ပထမဆုံးရင်းနှီးမြှုပ်နှံခြင်းဖြစ်ကြောင်း ယင်းစက်ရုံများကို ၂၀၂၀ ခုနှစ် အတွင်း အပြီးသတ်တည်ဆောက်မည် ဖြစ်ကြောင်း၊ ယင်းကုမ္ပဏီများထံမှ သိရသည်။ 

လတ်တလောယင်းစက်ရုံ ၅၀ အတွင်း ကြယ်သီးစက်ရုံ၊ ချိတ်စက်ရုံ၊ အပ်ချည် စက်ရုံ၊ အထည်ချုပ်စက်ရုံတို့ပါဝင်မည်ဖြစ်ပြီး စက်ရုံတစ်ရုံလျှင် လုပ်သားအင်အား ၂၀၀၀ ခန့် အလုပ်ခန့်ထားနိုင်မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီများက ဆိုသည်။ 

ထိုစက်ရုံ ၅၀ စီမံကိန်းအတွင်းမှ ပထမဆုံးအထည်ချုပ်စက်ရုံကို CNQC Construction ကုမ္ပဏီက တာဝန်ယူတည်ဆောက်နေပြီဖြစ်ပြီး ယင်းစက်ရုံ၏ ပန္နက်တင်မင်္ဂလာအခမ်းအနားကို နိုဝင်ဘာလ တတိယပတ်အတွင်းက ပြုလုပ်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

The Voice

0 comments:

Post a Comment