Thursday, November 29, 2018

အမေရိကန်နိုင်ငံသို့ တင်ပို့မည့် ပို့ကုန်များအတွက် တရုတ်စက်ရုံအချို့ မြန်မာနိုင်ငံတွင် ပြောင်းရွှေ့လုပ်ကိုင်ရန် လာရောက်ဆွေးနွေး


အမေရိကန်နိုင်ငံသို့တင်ပို့မည့် တရုတ်နိုင်ငံမှ စက်ရုံတချို့က မြန်မာနိုင်ငံတွင် ပြောင်း ရွှေ့လုပ်ကိုင်ရန် လာရောက် ဆွေးနွေးမှုများရှိကြောင်း မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်မှုအသင်းဥက္ကဋ္ဌ ဒေါက်တာအောင်သိန်းက ပြောကြားသည်။ 
“တရုတ်ကုမ္ပဏီတွေကလည်း သူတို့နိုင်ငံက ထုတ်ပြီးပို့ရင် ၂၅ ရာခိုင်နှုန်း အခွန်ဆောင်ရမှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံကိုလည်း လာပြီးထုတ်လုပ်ချင်တယ်။ တချို့လုပ်ငန်းတွေ စက်ရုံတွေ ရွှေ့လာချင်တယ်ဆိုပြီး ကျွန်တော်တို့နဲ့ ဆက်သွယ်စုံစမ်း ထားတာတွေ ရှိပါတယ်” ဟု ဒေါက်တာအောင်သိန်းက ပြောကြားသည်။ 

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲထားပြီး ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါကလည်း လုပ်ခလစာနည်းပါးခြင်း၊ သင်ယူနိုင်စွမ်းရှိ သည့် လူငယ်လုပ်သားအင်အား (Work Force_ အများအပြား ရှိနေခြင်းတို့ကြောင့် လာရောက်ရင်းနှီးမြှုပ်နှံလိုသည့် ရင်းနှီးမြှုပ်နှံသူ အများအပြားရှိကြောင်း သိရသည်။ 

“ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေရော၊ ကုမ္ပဏီ ဥပဒေတွေရော ပြင်ပြီးသား။ အခုဆို ဝန်ကြီးဌာနအသစ်လည်း ထပ်ဖွဲ့ပြီးသား။ နောက်ပြီး တခြားနိုင်ငံနဲ့ယှဉ်ရင် လုပ်အားခ သက်သာပြီး အလွယ်တကူ လေ့ကျင့်သင်ကြား ပေးလို့ရတဲ့ လူငယ်လူရွယ် Work Force တွေ အများကြီးရှိပါတယ်။ လာရောက် ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေ အများကြီးရှိပါတယ်” ဟု ဒေါက်တာအောင်သိန်းက ပြောကြားသည်။ 

သို့သော်လည်း မြန်မာနိုင်ငံတွင် အခြေခံ အဆောက်အအုံ အားနည်းခြင်း၊ တည်ငြိမ်ကောင်းမွန်သည့် လျှပ်စစ်မီးရရှိမှု အားနည်းခြင်းနှင့် သယ်ယူပို့ဆောင်စရိတ် ကြီးမြင့်နေခြင်းများက လာရောက် ရင်းနှီးမြှုပ်နှံလိုသူများအတွက် စိန်ခေါ်မှုများအဖြစ် ရှိနေကြောင်း သိရသည်။ 

“အဲဒီမှာ စိန်ခေါ်မှုတွေကတော့ ခုနကပြောတဲ့ စက်မှုလုပ်ငန်းနဲ့ ပတ်သက်ရင် အဓိကတော့ အခြေခံ အဆောက်အအုံပေါ့။ စက်မှုလုပ်ငန်း ဆိုတာက တည်ငြိမ်ကောင်းမွန်တဲ့ လျှပ်စစ်ဓာတ်အား မရှိဘဲနဲ့ လုပ်လို့မရဘူး။ လျှပ်စစ်က အဓိကပေါ့။ နောက်တစ်ခုက ရေမရှိဘဲ တချို့လုပ်ငန်းတွေက လုပ်လို့မရဘူး။ လျှပ်စစ်ရယ်၊ ရေရယ်နောက်ပြီး လမ်းတွေကောင်းဖို့လိုတယ်။ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်တွေ သက်သာဖို့လိုတယ်။ ကျန်တာတွေက ကျွန်တော်တို့ဆီမှာ အားသာချက် ရှိပြီးသားပါ” ဟု ဒေါက်တာအောင်သိန်းက ပြောကြားသည်။ 

မြန်မာနိုင်ငံ၏ စီးပွားရေးပတ်ဝန်းကျင်တွင် အခြေခံအဆောက်အအုံ မလုံလောက်မှုမှာ အဓိက အစိုးရိမ်ရဆုံး အတားအဆီးများအနက် တစ်ခုဖြစ်ကြောင်း၊ အထူးသဖြင့် လျှပ်စစ်မီး၊ ထောက်ပို့ သယ်ယူပို့ဆောင်ရေးနှင့် စက်မှုဇုန်များ ပံ့ပိုးပေးမှုမှာ လက်ရှိတွင် မလုံလောက်သဖြင့် ရင်းနှီးမြှုပ်နှံမှုများကို အထူးသဖြင့် စက်မှုကဏ္ဍများတွင် အတားအဆီးကြီးတစ်ရပ် ဖြစ်နေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း (MIPP) တွင် ဖော်ပြထားသည်။ 

မြန်မာနိုင်ငံတွင် အခြေခံအဆောက် အအုံမှာ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၏ အဓိက အကန့်အသတ်ဖြစ်ကြောင်း၊ မြန်မာနိုင် ငံတွင် ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာခြင်းနှင့် အမီလိုက်၍ လျှပ်စစ်မီးနှင့်ရေတို့ကို ယှဉ် ပြိုင်နိုင်သည့် ဈေးနှုန်းများဖြင့် လုံလောက်စွာ ပံ့ပိုးပေးသည့်စွမ်းရည်ကိုလည်း တိုးမြှင့်သင့် သော်လည်း လက်ရှိအချိန်၌ ရန်ကုန်မြို့ တော်၏ စက်မှုဇုန်များအတွင်း တည်ရှိသည့် စက်ရုံများ၌ပင် ခြောက်သွေ့သောရာသီ၌ မီးမလာမှုများ ကြုံတွေ့နေရကြောင်း ဖော်ပြထားသည်။ 

ကိုယ်ပိုင်လျှပ်စစ်မီးစက်များကို အသုံး ပြုလည်ပတ်နေရခြင်းက စက်ရုံလည်ပတ်မှု ကုန်ကျစရိတ်ကို တက်လာစေကြောင်း၊ အ ရည်အသွေးနိမ့်ပြီး အချိန်ကြာမြင့်သည့် သယ်ယူပို့ဆောင်ရေးကွန်ရက်သည်လည်း မြန်မာနိုင်ငံတွင် စီးပွားရေးဆောင်ရွက်မှုများ ၌ ဆိုးရွားစွာကြုံတွေ့နေရသည့် ပြဿနာ တစ်ရပ်ဖြစ်ကြောင်း သိရသည်။ 

မြန်မာအစိုးရသည် အခြေခံအဆောက် အအုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ကို အမျိုးသား သယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့် မြန်မာစွမ်းအင် မဟာစီမံကိန်း ကဲ့သို့သော အမျိုးသားအဆင့် Master Plan များပေါ်တွင် အခြေပြု ဆောင်ရွက်လျက်ရှိသည်။ 


Eleven Media Group

0 comments:

Post a Comment