Thursday, November 29, 2018

သမ္မတရှီကျင့်ဖျင် နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တို့အကြားသဘောတူညီထားသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြန် တည်ထောင်မည်


တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတရှီကျင့် ဖျင် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့အကြား ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းကသဘောတူညီမှု ရရှိခဲ့သည့် “ The Belt and Road ” အဆိုပြုချက်အောက်၌ တရုတ်-မြန်မာစီးပွားရေးစင်္ကြန် တည်ထောင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်။ 
အဆိုပါ စီးပွားရေးစင်္ကြန် ပူးတွဲတည်ထောင်ရေးဆိုင်ရာအရေးပါသောသဘောတူညီချက်ကိုတစ်ဆင့်တက် လက်တွေ့ အကောင်အထည် ဖော်ရန်အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ Mr.NingJizheမှ နိုဝင်ဘာလ ၂၄ ရက်မှ ၂၇ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်ကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂါရဝပြု တွေ့ဆုံခဲ့ကြောင်းသိရသည်။ 

အဆိုပါအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းတို့နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများချိတ်ဆက်ရေး၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြန် ပူးတွဲတည်ထောင်ရေးကိုလက်တွေ့တွန်းအားပေးဖော်ဆောင်ရေး၊ ရန်ကုန်မြို့သစ် ဖော်ဆောင်ရေးစသည့် အရေးပါ လုပ်ငန်းများပူးပေါင်းဆောင်ရွက်ရေး၊ ကနဦးအကျိုးရလာဒ်များ မြန်ဆန်စွာပေါ်ထွန်းလာရေးစသည့် နှစ်ဦးနှစ်ဖက် ဂရုပြုကြသောအကြောင်းအရာများနှင့် စပ်လျဉ်း၍ နက်နက်ရှိုင်းရှိုင်းဆွေးနွေး ဖလှယ်ပြီးသဘောတူညီချက်များရရှိခဲ့ကြောင်းသိရသည်။ 
တရုတ်-မြန်မာစီးပွားရေးစင်္ကြန် ပူးတွဲတည်ထောင်ရေးသည် တရုတ်နိုင်ငံယူနန်ပြည်နယ်မှ အစပြု၍ မြန်မာနိုင်ငံရန်ကုန်နှင့် ကျောက်ဖြူသို့ ဖြာထွက်သွားသည့် စင်္ကြန်ကိုအဓိကဒေသအဖြစ် သတ်မှတ်ထားသော နှစ်နိုင်ငံဘက်စုံစီးပွားကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်းသိရသည်။ 
  
ထို့အပြင် နှစ်နိုင်ငံအခြေခံအဆောက်အအုံအပြန်အလှန် ချိတ်ဆက်ရေးနှင့် ကုန်ထုတ်စွမ်းရည်၊ လယ်ယာစိုက်ပျိုးရေး၊ စွမ်းအင်၊ ငွေရေးကြေးရေး၊ ခရီးသွားလာရေး၊ ဒီဂျစ်တယ် ပိုးလမ်းမကြီး၊ နယ်စပ်စီပွားရေးဇုန်စသည့် လုပ်ငန်းကဏ္ဍဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ခြင်းမှတစ်ဆင့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထုနေထိုင်မှုဘဝကောင်းမွန်လာစေရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကိုတိုးမြှင့်၍ ဒေသအခြေအနေတည်ငြိမ်ရေးကိုအထောက်အကူပြုကာတစ်ချိန်တည်း၌ တရုတ်နိုင်ငံအနောက်ပိုင်းဒေသ၏ တံခါးဖွင့်လှစ် တိုးတက်ရေးကိုလည်း မြှင့်တင်သွားမည်ဖြစ်ကြောင်းသိရသည်။ 

လတ်တလောကာလ၌နှစ်ဦးနှစ်ဖက် အတူတကွ တွန်းအားပေးဖော်ဆောင်နေသည့် အဓိကလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုများတွင် တိုးတက်မှုများရရှိကာကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်စီမံကိန်းမူဘောင်သဘောတူစာချုပ်၊ မူဆယ်-မန္တလေးရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှု၊ နားလည်မှုစာချွန်လွှာစသည့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကိုလက်မှတ်ရေးထိုးပြီးရန်ကုန်မြို့သစ်စီမံကိန်း တရုတ် -မြန်မာနယ်စပ်စီးပွားရေးဇုန်စသည့် လုပ်ငန်းများပူးပေါင်းဆောင်ရွက်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသိရသည်။ 

 အောင်သူရိန် (အကုန်သိသတင်းဌာန)

0 comments:

Post a Comment