Thursday, November 29, 2018

ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတွက် အာဆီယံတာဝန်ရှိသူ နှစ်ဦး မောင်တောသို့ နှစ်ရက်ကြာရှေ့ပြေးလေ့လာ

ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် လူသားချင်းစာနာမှုအကူအညီ ပေးရေးအာဆီယံ ညှိနှိုင်းရေးစင်တာ (AHA Centre)တို့မှ လက်ထောက်ညွန်ကြားရေးမှူးနှစ်ဦးသည် မောင်တောဒေသသို့ ရှေ့ပြေးလေ့လာမှုအဖြစ် နှစ်ရက်ကြာ ကွင်းဆင်းလေ့လာခဲ့သည်။ 
မြန်မာအစိုးရသည် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် ဆောင်ရွက်ထားမှု ပြသရန် AHA Centre ကို ဖိတ်ခေါ်ထားပြီး ၎င်းတို့က လိုအပ်ချက်များ၊ ပူးပေါင်းဆောင်ရွက်မည့် နယ်ပယ်များကို လာရောက် လေ့လာမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဟောက်ခန့်ဆုမ်းက ပြောသည်။ 

‘‘အခုဟာက ရှေ့ပြေးလာတာ။ အဆင့်မြင့်ပုဂ္ဂိုလ် အဆင့်လာတာ မဟုတ်ဘူး’’ဟု အထက်ပါ ညွှန်ကြားရေးမှူးချုပ်က ရှင်းပြသည်။ 

ယခုလာရောက်သည့် လက်ထောက်ညွှန်ကြားရေးမှူးနှစ်ဦးသည် နိုဝင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်တွင် မောင်တောမှ တောင်ပြိုလက်ဝဲ၊ ငါးခူရနှင့် လှဖိုးခေါင်ကြားစခန်းသို့ သွားရောက်လေ့ လာခဲ့ကြောင်း မောင်တောခရိုင် ဒုတိယ အထွေထွေအုပ်ချုပ်ရေး မှူး ဦးရဲထူးက ပြောသည်။ 

အထက်ပါ လက်ထောက် ညွှန်ကြားရေးမှူးနှစ်ဦးသည် နေပြည်တော်သို့ နိုဝင်ဘာ ၂၇ ရက်တွင် သွားရောက်ခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။ 

ပြီးခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် မြန်မာအစိုးရက အာဆီယံ၏ AHA Centreက ပြန်လည်လက် ခံရေးလုပ်ငန်း 

စဉ်တွင် ကူညီပံ့ပိုးနိုင်မည့်နယ် ပယ် လေ့လာရှာ ဖွေဆွေးနွေးရေး အဖွဲ့တစ်ဖွဲ့စေလွှတ်ရန် ဖိတ်ကြားချက်ကို အာဆီယံခေါင်းဆောင် များက လက်ခံကြိုဆိုကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီး ဦးကျော်တင်က ပြောကြားထားသည်။ 

အာဆီယံသည် ရခိုင်ပြည်နယ်ရှိ အသိုက်အ၀န်းအားလုံး အေးချမ်းတည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ သဟ ဇာတရှိရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် စဉ်ဆက်မပြတ် တန်းတူညီစွာ ဖွံ့ဖြိုးတိုးတက်ရေး မြန်မာအစိုးရ၏ ကြိုးပမ်းမှုများကို ဆက်လက်ထောက်ခံမည်ဖြစ်ကြောင်း အာဆီယံဥက္ကဋ္ဌ၏ ကြေညာချက်၌ ဖော်ပြသည်။ 

ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ကူညီပံ့ပိုးမှု များကို ပေးအပ်ရန် အာဆီယံက အသင့်ရှိကြောင်း ထုတ်ပြန်သည်။

7Day

0 comments:

Post a Comment