Thursday, November 29, 2018

ဓလေ့ထုံးတမ်းအရ ထိမ်းမြားလက်ထက်ခြင်းဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်တွင် အတည်ပြုသည့် အပေါ် လွှတ်တော်ကိုယ်စားလှယ်အချို့ဝေဖန်


လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တင်သွင်းထားသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကြမ်း ပြင်ဆင်ချက်အဆိုတွင်ပါရှိသည့် အမျိုးသားနှင့်အမျိးသမီးတို့၏ထိမ်းမြားလက်ထက်နိုင်သည့် အသက်သည် ၎င်း တို့၏သက်ဆိုင်ရာ တည်ဆဲဥပဒေဓလေ့ထုံးတမ်းများအတိုင်းဆောင်ရွက်နိုင်ကြောင်းကို နိုဝင်ဘာလ ၁၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးက အတည်ပြုလိုက်သည့် အပေါ် လွှတ်တော်ကိုယ်စားလှယ်အချို့က ဝေဖန်ပြောဆိုခဲ့ကြသည်။ 
“ဒီကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ကျွန်မအနေနဲ့တော့ လုံးဝကန့်ကွက်တယ်။ ဒါအမျိုးသမီးအခွင့်အရေးသော်လည်းကောင်း၊ ကလေးသူငယ်အခွင့်အရေးသော်လည်းကောင်း၊ ဒါက အများကြိးဆုံးရှုံးတယ်။ တိုင်းရင်းသားဓလေ့ထုံးတမ်းဆိုရင်လည်း ခေတ်နဲ့ အညီပြုပြင်ပြောင်းလဲဖို့လိုတယ်။ငယ်ငယ်ရွယ်ရွယ်နဲ့မွေးလာမဲ့ မိခင်တစ်ယောက်ကနေ ဒီကလေးကို ကောင်းကောင်းထိန်းသိမ်းနိုင်မှာမဟုတ်ဘူး”ဟု ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် ၃ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ်ကပြောသည်။ 

ယနေ့ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးပြီးချိန်တွင် သတင်းမီဒီယာများ၏မေးမြန်းမှုအပေါ် ကိုယ်စားလှယ်များမှ အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ 

ထို့အတူ ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေမှလည်း “ကျွန်မက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ရော အမျိုးသမီးတစ်ဦးအနေနဲ့ရော လုံးဝကို သဘောမတူနိုင်ဘူး။ ၁၈ နှစ်အောက်ဆိုရင် ဒါသည် အင်မတန်မှ ကျွန်မတို့အနေနဲ့ကတော့ကလေးအရွယ်လို့ပဲသတ်မှတ်တယ် ၁၈ နှစ်အောက်ကို လက်ထက်ခွင့်ပေးတာက ဒီဥပဒေက မဖြစ်သင့်ဘူးလို့ပြောချင်တယ်” ဟု ၎င်းကပြောသည်။ 

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းအား ပြင်ဆင်သည့် အချက် ၁၂၉ ချက် ကို ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီမှ နိုဝင်ဘာလ ၂၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့ရာ လွှတ်တော်မှ သဘောတူအတည်ပြုလိုက်ခြင်းဖြစ်သည်။ 

ဓလေ့ထုံးတမ်းအရ လက်ထက်ထိမ်းမြားခြင်းအား ပြင်ဆင်ရန်အတွက် ကျောက်တန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးမှ လည်း ပြောကြားခဲ့သည်။ 

“ကျွန်မတို့ပြောချင်တာက ၁၈ နှစ်အောက်ကို လက်ထက်ခွင့်ရသွားတဲ့အခြေအနေလည်းမဟုတ်ဘူး။အခုဟာက ဥပဒေပုဒ်မ ၂၃ ရဲ့ဆိုလိုရင်းကို ကျွန်မတို့သေချာနားလည်ဖို့လိုတယ်။နောက်တစ်ခုက ဒီဥပဒေပြဌာန်းလိုက်တဲ့ ရည်ရွယ်ချက်ကိုလည်း သေချာနားလည်ဖို့လိုတယ်”ပုလဲမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကပြောသည်။ 

ဥပဒေ၏ရွယ်ချက်သည် ကလေးသူငယ်များ၏ ဂုဏ်သိက္ခာ ၊ကလေးသူငယ်တွေရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေးနှင့်လွတ်လပ်ခွင့်များအား ကာကွယ်ရေးအတွက် ဥပဒေအရအကာအကွယ်အထောက်အပံ့ဖြစ်စေရန် ယင်းဥပဒေအား ပြဌာန်းလိုက်ခြင်းဖြစ်ကြောင်း၊ဥပဒေအရ စိုးရိမ်ဖွယ်ရမရှိကြောင်း၊ ထိုကဲ့သို့ အငြင်းပွားမှုများသည် ဥပဒေအကြောင်းအရ သေချာနားမလည်သောကြောင့် ဖြစ်နေရခြင်းဟု ၎င်း က ရှင်းလင်းပြောကြားခဲ့သည်။ 

အဆိုပါဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်တွင် အတည်ပြုလိုက်သော်လည်း အမျိုးသားလွှတ်တော်တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊အမျိုးသားလွှတ်တော်တွင် သဘောထားကွဲလွှဲမည်ဆိုပါက ပြည်ထောင်စုလွှတ်တော်သို့ရောက်ရှိလာမည်သည့်အတွက် ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက်ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။



The Fifth Wave News 

0 comments:

Post a Comment