Friday, November 30, 2018

ရွှေတိဂုံတွင် စင်ကာပူဇနီးမောင်နှံထံက ကျပ် ၁ သောင်းတန် ငွေစက္ကူအတုများ ဖမ်းမိ


ရွှေတိဂုံဘုရားကို လာရောက်ဖူးမျှော်တဲ့ စင်ကာပူနိုင်ငံသား ဇနီးမောင်နှံထံကနေ ကျပ် ၁ သောင်းတန် ငွေစက္ကူအတု ၄၅ ရွက် သိမ်းဆည်းရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ 
နိုဝင်ဘာ ၂၈ ရက်မနက် ၆ နာရီခွဲက ရွှေတိဂုံစေတီတော် တောင်ဘက်စောင်းတန်းရှိ ပြည်ပငွေကြေးကောက်ခံရေး ကောင်တာကို စင်ကာပူနိုင်ငံသား Mr.Lin Bee Fun (၄၀) နှစ်နဲ့ ဇနီး Mrs Chin Kuo Kuang (၄၃) နှစ်တို့ ၁ သောင်းကျပ်တန် ငွေစက္ကူအတု ၃ ရွက်နဲ့ အခွန်ပေးဆောင်ခဲ့တာကို စေတီတော်လုံခြုံရေးက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ 

စေတီတော် ရဲကင်းမှူး ဒုရဲအုပ် အောင်ရည်မွန် ဦးစီးပူးပေါင်းအဖွဲ့က စစ်ဆေးရာမှာ ၁ သောင်းကျပ်တန် ငွေစက္ကူအတု ၄၂ ရွက်အား ထပ်မံတွေ့ရှိရလို့ စုစုပေါင်း ၁ သောင်းကျပ်တန် ငွေစက္ကူအတု ၄၅ ရွက်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါငွေစက္ကူအတုတွေဟာ စင်ကာပူချန်ဂီလေဆိပ်ရှိ The Arcade ငွေလဲကောင်တာမှာ အိန္ဒိယလူမျိုး ၂ ဦးထံက စင်ကာပူဒေါ်လာ ၄၀၀ ကို မြန်မာငွေ ၄၅၀,၀၀၀ ကျပ်နဲ့ လဲလှယ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ 

အဆိုပါ စင်ကာပူနိုင်ငံသား ၂ ဦးကို ဒဂုံမြို့မရဲစခန်းက (ပ)၁၃၃/၂၀၁၈၊ မြန်မာနိုင်ငံ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အရေးယူထားတယ်လို့ ရဲသတင်းမှာ ဖော်ပြပါတယ်။ 

စင်ကာပူနိုင်ငံသား ဇနီးမောင်နှံဟာ ကုမ္ပဏီကိစ္စနဲ့ နိုဝင်ဘာလ ၂၇ ရက်က စင်္ကာပူနိုင်ငံမှ စင်္ကာပူလေကြောင်းလိုင်နဲ့ ရန်ကုန်မြို့သို့ ရောက်ရှိလာတာဖြစ်ပါတယ်။ 

DVB



0 comments:

Post a Comment