Thursday, November 29, 2018

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်၌ အတည်ပြုရာတွင် အသက် ၁၈ နှစ်အောက်အရွယ် ထိမ်းမြားခွင့်ရသွားခြင်း မဟုတ်ဘဲ ထိမ်းမြားမည်ဆိုပါက တည်ဆဲဥပဒေနှင့် ဓလေ့ထုံးတမ်း ဥပဒေများရှိကြောင်း ဥပဒေကြမ်းကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပြောကြား

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်၌ အတည်ပြုရာတွင် အသက် ၁၈ နှစ်အောက်အရွယ် ထိမ်းမြားခွင့်ရသွားခြင်း မဟုတ်ဘဲ ထိမ်းမြားမည်ဆိုပါက တည်ဆဲဥပဒေနှင့် ဓလေ့ထုံးတမ်း ဥပဒေများရှိကြောင်း ဥပဒေကြမ်းကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။ 
အဆိုပါ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းတွင် ထိမ်းမြားလက်ထပ်ခြင်းနှင့် ပတ်သက်သည့် အသက်အား တည်ဆဲဥပဒေနှင့် ဓလေ့ထုံးတမ်း ဥပဒေများကို ပြန်ညွှန်းလိုက်သည့် သဘောသာဖြစ်ပြီး အသက် ၁၈ အောက်ကို ဆိုလိုခြင်း မဟုတ်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက ပြောကြားသည်။ 

အဆိုပါ ဥပဒေကြမ်းတွင် မူလအဆိုပြုချက်မှာ “အမျိုးသားနှင့် အမျိုးသမီးတို့၏ ထိမ်းမြား လက်ထပ်နိုင်သည့် အသက်သည် ၎င်းတို့၏ သက်ဆိုင်ရာ တည်ဆဲဥပဒေနှင့် ဓလေ့ထုံးတမ်း ဥပဒေများတွင် သတ်မှတ်ထားသည့်အတိုင်း ဖြစ်စေရမည်။ သို့ရာတွင် ထိမ်းမြားလက်ထပ်ခြင်း စာချုပ်ချုပ်ဆို၍ ထိမ်းမြားလက်ထပ်ခြင်း ဖြစ်ပါက ထိမ်းမြားလက်ထပ်ရန် ပဋိညာဉ်ပြုနိုင်သည့် အသက်သည် ၁၈ နှစ်ပြည့်ပြီး ဖြစ်ရမည်ဟု” ဖြစ်ပြီး ယင်းအဆိုပြုချက်ကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက “အမျိုးသားနှင့် အမျိုးသမီးတို့၏ ထိမ်းမြားလက်ထပ်နိုင်သည့် အသက်သည် ၎င်းတို့၏ သက်ဆိုင်ရာ တည်ဆဲဥပဒေနှင့် ဓလေ့ထုံးတမ်း ဥပဒေများတွင် သတ်မှတ်ထားသည့်အတိုင်း ဖြစ်စေရမည်”ဟု ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ 

“ဒီ ကလေးသူငယ်ဥပဒေထဲမှာ ထိမ်းမြားခြင်းဆိုတဲ့ အခန်းကဏ္ဍ တစ်ပိုဒ် ပါလာတောပေါ့။ ဒီအပိုဒ်အပေါ်မှာ မူတည်ပြီးတော့ အဆိုပြုလာတဲ့ အပေါ်မှာကိုက အပေါ်နဲ့ အောက်နဲ့ တစ်ပိုဒ်တည်းမှာကို ဆန့်ကျင် ကွဲလွဲနေတာ တွေ့ရတယ်။ ဘာကြောင့် ဆန့်ကျင်ကွဲလွဲလဲဆိုရင် အပေါ်ပိုဒ်မှာက တည်ဆဲဥပဒေနောက် ဓလေ့ထုံးတမ်းဥပဒေ။ တည်ဆဲဥပဒေ ဆိုတာက ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ ဥပဒေဆိုတာ ရှိတယ်။ ဒီဥပဒေမှာဆိုရင် ၁၈ နှစ်ပြည့်ပြီး ဖြစ်ပါတယ်။ နောက် တခြား တည်ဆဲဥပဒေတွေလည်း ရှိပါတယ်။ ခရစ်ယာန်ဥပဒေ၊ အစ္စလာမ်ဥပဒေ ရှိတယ်။ ဓလေ့ထုံးတမ်းတွေ ရှိတယ်။ ဓလေ့ထုံးတမ်းတွေကတော့ တိုင်းရင်းသားအသီးသီးမှာ သူ့ဓလေ့နဲ့သူ ရှိကြပါတယ်။ ဒီဓလေ့မှာဆိုရင် ၁၈ နှစ် ပြည့်တာလည်း ရှိတယ်။ ၁၈ နှစ် ကျော်တာလည်း ရှိတယ်။ ၁၈ နှစ်အောက်မှာလည်း ရှိတယ်။ သို့ပေသော်ငြားလည်း ဒီဓလေ့ထုံးတမ်းတွေ ဥပဒေတွေ ရှိပါလျက်နဲ့ ပဋိညာဉ်ပြုနိုင်တဲ့ အသက်က ၁၈ ကျော်မှသာလျှင် ပြုရမယ်ဆိုရင် အပေါ်က ဥပဒေတွေနဲ့ Conflict ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီဥပဒေတွေကို ပြန်ပြီးတော့ ညွှန်လိုက်တဲ့ သဘောပါ။ ၁၈ နှစ်အောက်ကို ယူရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒီဥပဒေမှာ လာပြီးတော့ ထည့်လိုက်တဲ့အခါမှာ အရင်ရှိပြီးသား ဥပဒေတွေမှာ သွားရောက်ပြီးတော့ ဆန့်ကျင်ကွဲလွဲ သွားနိုင်တယ်။ လူတွေရဲ့သဘောက ပေးစားချင်ရင် အရင်ဥပဒေတွေနဲ့ ပေးစားလိုက်မယ်။ မပေးစားချင်ရင် ဒီဥပဒေနဲ့ ထိန်းချုပ်လိုက်မယ် ဆိုတဲ့သဘော ဖြစ်နေတယ်။ တချို့ရေးကြတာတွေ တွေ့ပါတယ်။ ကြားသိပါတယ်။ ၁၄ နှစ်တို့၊ ကိုးနှစ်တို့၊ ခြောက်နှစ်တို့။ ဒါတွေ မဟုတ်ပါဘူး။ သူ့ရဲ့ ဓလေ့ထုံးတမ်း ဥပဒေတွေ ရှိပါတယ်။ တည်ဆဲဥပဒေတွေ ရှိပြီးဖြစ်တဲ့အတွက် ဒါမလိုအပ်ဘူးလို့ ပြောတာပါ။ ၁၈ အောက်မှာမှ မင်္ဂလာဆောင်ရမယ်လို့ ပြောတာ မဟုတ်ပါဘူး”ဟု ၎င်းက ပြောကြားသည်။ 

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းကို ပြဋ္ဌာန်းခဲ့သည့် ရည်ရွယ်ချက်သည် ကလေးသူငယ်များ၏ ဂုဏ်သိက္ခာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်နှင့် လုံခြုံရေးများကို ကာကွယ်နိုင်ရန်နှင့် ဥပဒေအရ ကာကွယ် အထောက်အပံ့ပြုနိုင်ရန်အတွက် ဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည့်အတွက် ၁၈ အောက် ကလေးငယ်များအတွက် အဆိုပါ ဥပဒေအရ စိုးရိမ်ဖွယ်ရာ မရှိကြောင်း ပုလဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။ 

“ ကျွန်မတို့ ပြောချင်တာက ၁၈ နှစ်အောက်ကို လက်ထပ်ခွင့် ရသွားတဲ့ အခြေအနေလည်း မဟုတ်ဘူး။ အခုက ဥပဒေ ပုဒ်မ ၂၃ ရဲ့ ဆိုလိုရင်း အဓိပ္ပာယ်ကို သေချာနားလည်ဖို့ရာ လိုတယ်။ ဒီဥပဒေ ပြဋ္ဌာန်းလိုက်တဲ့ ရည်ရွယ်ချက်ကိုလည်း သေချာနားလည်ဖို့ လိုတယ်။ ဥပဒေရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုရင် ကလေးသူငယ်တွေရဲ့ ဂုဏ်သိက္ခာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်နဲ့ လုံခြုံရေးတွေကို ကာကွယ်နိုင်ဖို့နဲ့ ဒီဟာတွေနဲ့ ပတ်သက်ပြီး ဥပဒေအရ ကာကွယ် အထောက်အပံ့ပြုနိုင်ဖို့အတွက် ဥပဒေကို ပြဋ္ဌာန်းလိုက်တာ ဖြစ်တဲ့အတွက် ပြောမယ်ဆိုရင် ၁၈ နှစ်အောက်ကို ကလေးသူငယ်အဖြစ် တိုင်းပြည်မှာ သတ်မှတ်ထားတဲ့ အတွက်ကြောင့် ၁၈ နှစ်အောက် ကလေးသူငယ်တွေအတွက် ဒီဥပဒေအရ စိုးရိမ်ဖွယ်ရာ မရှိဘူး။ ပုဒ်မ ၂၃ ရဲ့ ဆိုလိုရင်းက ဘာလဲဆိုရင် ထိမ်းမြား လက်ထပ်မယ်ဆိုရင် ဓလေ့ထုံးတမ်း ဥပဒေတွေ ရှိတယ်။ နောက်တစ်ခုက တည်ဆဲဥပဒေတွေ ရှိတယ်။ ဒီဥပဒေရဲ့ အကာအကွယ်ကို ရဖို့ရာအတွက်ကို ဒါကို ပြဋ္ဌာန်းပေးလိုက်တာ ဖြစ်တယ်။ ဒါပေမဲ့ ခုနကပြောသလို ကျွန်မတို့မှာ အစဉ်အလာတွေက ရှိလာပြီးသား ဖြစ်တယ်။ ဟိန္ဒူတွေ ရှိတယ်။ တိုင်းရင်းသားလူမျိုးတွေ ရှိတယ်။ ခရစ်ယာန်တွေ ရှိတယ်။ သူတို့ရဲ့ အယူဝါဒ၊ ဓလေ့ထုံးစံအရ ထိမ်းမြား လက်ထပ်ခွင့်ပြုတာက တစ်ပိုင်း။ နောက်တစ်ခုက တည်ဆဲဥပဒေအရ ကာကွယ်စောင့်ရှောက်မှာက တစ်ပိုင်းဖြစ်နေတဲ့အတွက် ကလေးသူငယ်တွေကို ၁၈ နှစ်မပြည့်ခင် ထိမ်းမြားလက်ထပ်ခွင့် ရှိတယ်ဆိုတဲ့ဟာက မဟုတ်ဘူး” ၎င်းက ပြောကြားသည်။ 

ထို့ပြင် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေသည် အတည်ပြုလိုက်သည့် ဥပဒေ မဟုတ်သေးဘဲ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တစ်ဆင့် ပြည်သူ့လွှတ်တော်ကို ရောက်လာပြီး ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ်များ ဆွေးနွေးပြီးနောက် ဆွေးနွေးချက်ကို အတည်ပြု၍ အမျိုးသားလွှတ်တော်သို့ ရောက်မည်ဖြစ်ကြောင်း၊ ထို့နောက် ပြည်ထောင်စု လွှတ်တော်မှတစ်ဆင့် အတည်ပြုကြရမည် ဖြစ်ကြောင်း ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။ 

အဆိုပါကိစ္စနှင့် ပတ်သက်၍ မင်္ဂလာဒုံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက “အခု ဒီဥပဒေမှာ နားလည်မှု လွဲသွားတာက ဥပဒေရေးထုံးမှားတယ်လို့ ကျွန်တော်တို့က ယူဆတယ်။ ၁၈ နှစ်အောက်ကို အိမ်ထောင်ပြုခွင့် ပြုလိုက်တယ်ဆိုတော့ ၁၃ တွေရော၊ ၁၄ တွေရော၊ ၁၁ တွေရော၊ ၁၂ တွေရော အကုန်ရတဲ့သဘော သက်ရောက်သွားတယ်။ အမှန်တော့ အဲဒီအဓိပ္ပာယ် မဟုတ်ဘူး။ ၁၈ နှစ် မပြည့်တပြည့် မိန်ကလေးတွေ အိမ်ထောင်ပြုတဲ့အခါမှာ အမျိုးသားကို ထောင်ချလိုက်လို့ရှိရင် ကောင်မလေးကလည်း တစ်ခုလပ် ဖြစ်သွားတယ်။ သူတို့ဘာသာ သူတို့ ချစ်လို့ခင်လို့ ပေါင်းကြတဲ့ကိစ္စပဲ။ အဲဒါကို ကာကွယ်ပေးဖို့ ကျွန်တော်တို့က ကြိုးစားတာ။ တချို့နေရာမှာ ဆိုရင် ကောင်လေး ကိုယ်တိုင်ကလည်း အသက်မပြည့်သေးဘူး။ သူပါ ထောင်ပြန်ကျသလို ဖြစ်သွားတယ်။ တောမှာကျတော့ မြန်မာ့ဓလေ့ထုံးစံမှာကျတော့ ၁၈ နှစ် မပြည့်သေးလည်း ပေးစားကြတာကိုး။ နောက်တစ်ခါ ကောင်လေးကို အကျပ်ကိုင်တာမျိုး ဖြစ်လာတယ်လေ။ အဲဒီအပေါ်မှာ သုံးသပ်ပြီးတော့ ဒီဟာက ၁၈ နှစ် မပြည့်သေးတဲ့သူတွေကို ကာကွယ်တယ်ဆိုပြီး ထုတ်လိုက်တာ။ အဲဒီမှာ ဥပဒေပုဒ်မမှာ အသက် ၁၈ နှစ်မပြည့်သေးဘဲ ပဋိညာဉ်ပြုလို့ရတယ်။ လက်ထပ်ရတယ် ဆိုတဲ့သဘော ဖြစ်သွားတဲ့အခါကျတော့ လူတွေရဲ့ နားလည်မှုမှာ အသက် ၁၄ တွေရော၊ ၁၂ တွေရော၊ ၁၃ တွေရော၊ အိမ်ထောင်ရတယ်လို့ ထင်သွားတာ အမှန်တော့ အဲဒီအဓိပ္ပာယ် မဟုတ်ဘူး။ ကျွန်တော်တို့က မိန်းကလေးကို ပြန်ကာကွယ်ပေးတာပါ။ သူ တစ်ခုလပ် မဖြစ်အောင်။ အတင်းအကျပ်ပေးတာမျိုးကို ကျွန်တော်တို့ လက်ခံတာ မဟုတ်ဘူး။ အတင်းအကျပ် အိမ်ထောင်ချမယ် ဆိုရင်တော့ ကလေးသူငယ် ဥပဒေအရ မိဘတွေကို အရေးယူလို့ ရတယ်။ သူတို့အချင်းချင်း ချစ်လို့ ကြိုက်လို့ ညားတဲ့ကိစ္စမှာ ကောင်လေးက ထောင်ချသွားမှာစိုးလို့ ဥပဒေက ကာကွယ်ပေးတာ။ တကယ်လည်း ကျတဲ့အမှုတွေ တစ်နိုင်ငံလုံးမှာ အများကြီးရှိတယ်။ အဲဒါကို သေချာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှု မလုပ်ဘဲနဲ့ ဥပဒေကြမ်းနဲ့ အဆိုတင်သွင်းတဲ့ ကိုယ်စားလှယ် တစ်ယောက်လောက်နဲ့ပဲ ဆွေးနွေးပြီးတော့ ပြဋ္ဌာန်းလိုက်တဲ့အခါမှာ နားလည်မှုတွေ ရှုပ်သွားတဲ့ သဘောဖြစ်တာပါ”ဟု ပြောကြားသည်။ 

Eleven Media Group

0 comments:

Post a Comment