Thursday, November 29, 2018

ဦးကိုနီအမှု သက်သေထွက်ရန် ရန်ကုန် ဒုတိုင်းရဲတပ်ဖွဲ့မှူးကို တရားရုံးခေါ်


ရန်ကုန်လေဆိပ်တွင် ရှေ့နေ ဦးကိုနီသေနတ်ဖြင့် ပစ်သတ်လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး စွဲချက်တင် စစ်ဆေးနေသော အောင်ဝင်းဇော်၏ လက်ကျန်ခံပြ သက်သေတစ်ဦးဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းမင်းသိန်းကို ရုံးတော်သို့ လာရောက် အစစ်ဆေးခံရန် သမ္မန်စာ ပေးပို့ထားကြောင်း မြောက်ပိုင်းခရိုင် တရားရုံးထံမှ သိရသည်။ 
“ဒီအမှုကို အထူးခုံရုံးဖွဲ့ စစ်ဆေးနေတယ်။ တရားခံ အောင်ဝင်းဇော်ဘက်က လက်ကျန်ခံပြ သက်သေတစ်ဦးဖြစ် သူ ရဲမှူးကြီး ဝင်းမင်းသိန်းကို ရုံးတော်လာ အစစ်ခံဖို့ သမ္မန်စာ ပေးဖို့ထားတာ။ ရဲမှူးကြီးက ရဲချုပ်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲမှာ ကြီးကြပ်ကွပ်ကဲနေရလို့ သက်သေခံကင်းလွတ်ခွင့်ပြုနိုင်ဖို့ တိုင်းရဲတပ်ဖွဲ့ဘက်က ဒီနေ့ စာနဲ့ အကြောင်းပြန်လာတာကြောင့် နောက်လာမယ့် ရုံးချိန်းလေးခုမှာ အဆင်ပြေမယ့်အချိန် ရုံးတော်ထံလာရောက်ဖို့ သမ္မန်စာ ထုတ်ဆင့်သွားမှာပါ” ဟု မြောက်ပိုင်းခရိုင်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ 

သမ္မန်စာ ပေးပို့မှုနှင့် ပတ်သက်၍ “ဒီအမှုကို စစ်ဆေးချိန်မှာ အောင်ဝင်းဇော်က သူ့သားဖြစ်သူကို လေယာဉ်မောင်းအလုပ်အကိုင်ရရှိဖို့ သူ့အစ်ကိုဖြစ်သူ အောင်ဝင်းခိုင်ဆီ အကူအညီတောင်းခဲ့တယ်။ အောင်ဝင်းခိုင်က ရဲမှူးကြီး ဝင်းမင်းသိန်းဆီ အကူအညီတောင်းပေးမယ်လို့ ပြောတယ်။ အဲဒီအချိန်က ရဲမှူးကြီး ဝင်းမင်းသိန်းက လေကြောင်းရဲတပ်ဖွဲ့ (ရန်ကုန်) တပ်ဖွဲ့မှူး။ ရှေ့နေ ဦးကိုနီလုပ်ကြံခံရတဲ့နေ့က ညနေပိုင်းမှာ အောင်ဝင်းခိုင်က အောင်ဝင်းဇော်ကို ရဲမှူးကြီးထံ သွားတွေ့ကြမယ်ပြောလို့ အောင်ဝင်းဇော်က သူလေဆိပ်ကို ရောက်လာခဲ့ကြောင်း၊ လေဆိပ်ထဲမှာ ဝင်လိုက်ထွက်လိုက်သာလုပ်ခဲ့ပေမယ့် ရဲမှူးကြီးနဲ့ မတွေ့ဆုံခဲ့ရကြောင်း ထွက်ဆိုထားတယ်။ ဒါကြောင့် လက်ရှိ ရန်ကုန်ရဲတပ်ဖွဲ့ရဲ့ ဒုတိုင်းမှူးက အောင်ဝင်းဇော်ရဲ့ လက်ကျန်ခံပြသက် သေတစ်ဦးဖြစ်နေတာ။ ဒါပေမဲ့ သမ္မန်စာ ဆင့်ခေါ်ခံရသူက ရုံးတော်မှာ လာအစစ်မခံဘူး ငြင်းဆိုမယ်ဆိုလည်း သူ့ရဲ့အခွင့်အရေးပါ။ သူ့ဆန္ဒပေါ့” ဟု ဆိုသည်။ 

စွဲချက်တင် စစ်ဆေးခံနေရသူ ကြည်လင်းအပါအဝင် လေးဦးဘက်မှ ခံပြသက်သေ ၇၂ ဦးကို စစ်ဆေးပေးရန် ရုံးတော်ထံ တင်ပြထားပြီး နိုဝင်ဘာလ ၂၉ ရက်နေ့က ယင်းအမှု၏ ၈၉ ကြိမ်မြောက် ရုံးချိန်းကို စစ်ဆေးခဲ့ရာတွင် ဇေယျာဖြိုးဘက်မှ ခံပြသက်သေဖြစ်သူ ကိုဝေမင်းကို စစ်ဆေးခဲ့ကြောင်းနှင့် နိုဝင်ဘာလ ၃၀ ရက်နေ့ ရုံးချိန်းတွင် ၎င်းဘက်မှ ခံပြသက်သေများကို အထူးခုံရုံးတွင် ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း မြောက်ပိုင်း ခရိုင်တရားရုံးထံမှ သိရသည်။ 

တရားစွဲဆိုခံရသူ ကြည်လင်းဘက်မှ ခံပြသက်သေ ၁၀ ဦးတွင် နှစ်ဦးကို စစ်ဆေးပြီး ကျန်ရှစ်ဦးကို ပယ်ခဲ့ကြောင်း၊ အောင်ဝင်းဇော်ဘက်မှ ခံပြသက်သေ ၁၂ ဦးတွင် ခုနစ်ဦးကို စစ်ဆေးပြီး လေးဦးကို ပယ်၍ တစ်ဦးသာ ကျန်ရှိတော့ကြောင်းနှင့် ဇေယျာဖြိုးဘက်မှ ခံပြသက်သေ ၂၈ ဦး အနက် ယနေ့ရုံးချိန်းအပြီး ငါးဦးကို စစ်ဆေးပြီးဖြစ်ကာ ၂၃ ဦးကို ဆက်လက် စစ်ဆေးရန်ကျန်ရှိနေပြီး အောင်ဝင်းထွန်းဘက်မှ ခံပြသက်သေ ၂၂ ဦးအနက် ၁၄ ဦးကို စစ်ဆေးပြီး ကျန်ခံပြသက်သေများကို ပယ်ချခဲ့သောကြောင့် လက်ရှိ ယင်းအမှုမှ ဆက်လက်စစ်ဆေးရန် ခံပြသက်သေ ၂၄ ဦးသာ ကျန်ရှိတော့သည်။ 

The Voice

0 comments:

Post a Comment