Thursday, November 29, 2018

အစိုးရ၏ စီမံကိန်းများကို ချပြ၍ လုပ်ငန်းရှင်များကို ဆွဲဆောင်ရန် ဦးဆက်အောင်တိုက်တွန်း

အစိုးရက ရေးဆွဲထားသည့် စီမံကိန်းများကို ဝန်ကြီးဌာနများက ချပြ၍ လုပ်ငန်းရှင်များကို ဆွဲဆောင်ရန် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က တိုက် တွန်းသည်။ 
‘‘နိုင်ငံတော်က ဘာလုပ်ချင် သလဲဆိုတာကို စီးပွားရေးလုပ် ငန်းရှင်တွေက မသိပါဘူး။ အဲဒီ အတွက် နိုင်ငံတော်ကတော့ ဘာလုပ်မယ်ဆိုတဲ့ စီမံကိန်းတွေကို ချပြပြီးတော့ လုပ်ငန်းရှင်တွေကို ဆွဲဆောင်မယ်ဆိုရင် လုပ်ငန်းရှင်တွေဘက်က ရင်းနှီးမြှုပ်နှံမှုကို လည်း လှုံ့ဆော်နှိုးဆွနိုင်မှာ ဖြစ်ပါ တယ်’’ဟု ဦးဆက်အောင်က ဆို သည်။ 

အစိုးရ ဌာနဆိုင်ရာများ သည် စီးပွားရေးလုပ်ငန်းရှင်များ တင်ပြသည့် လုပ်ငန်းများကိုသာ စောင့်ဆိုင်းလုပ်ကိုင်နေသော အ နေအထားဖြစ်နေသည်ဟု ၎င်းက ပြောသည်။ 

လက်ရှိ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေရာတွင် အစိုးရဘတ်ဂျက်ဖြင့်အသုံးပြုရသည့် စီမံကိန်းများကိုသာ ဖော်ဆောင်လုပ်ကိုင်နေကြောင်း ဦးဆက်အောင်က ဆက်လက်ပြောကြားသည်။ 

နိုဝင်ဘာ ၂၉ ရက်က နေ ပြည်တော်ရှိ Park Royal Hotel တွင် ပြုလုပ်သော မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံ ကိန်းကို အကောင်အထည်ဖော် ရာ၌ စောင့်ကြည့်အကဲဖြတ်နိုင် စေရန် အမျိုးသားညွှန်းကိန်း မူဘောင်တစ်ရပ် ဖွံ့ဖြိုးတိုးတက် လာစေရေး ဒုတိယအကြိမ် ဆွေး နွေးပွဲ အဖွင့်မိန့်ခွန်းတွင် ၎င်းက ထည့်သွင်းပြောကြားသည်။ 

ဝန်ကြီးဌာနများက ဆောင် ရွက်မည့် စီမံကိန်းအချို့တွင် နိုင်ငံတော်က ဘတ်ဂျက်မပေးနိုင်၍ ပယ်ချခဲ့ရသော စီမံကိန်းများစွာရှိ နေသဖြင့် ဌာနဆိုင်ရာများက ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းပါဝင်လာရေး အမှန်တကယ်အ ကျိုးရှိမည့် Project Plan များကို သာ ရေးဆွဲဖော်ဆောင်သင့်သည် ဟု ဦးဆက်အောင်က အကြံပြု သည်။ 

‘‘စီးပွားဖြစ် ဆောင်ရွက်နိုင် တဲ့ စီမံကိန်းမဟုတ်ရင် လုပ်ငန်း ရှင်ကလည်း စိတ်မဝင်စားဘူး။ အဲဒီတော့ နိုင်ငံတော်က ဘာဖြစ်လဲဆိုတော့ စီမံကိန်းကြီးတွေ တော့ အကောင်အထည်ဖော်မယ် ဆိုပြီးလုပ်တယ်။ တကယ်တမ်း လုပ်ငန်းရှင်ကို ခေါ်လိုက်တော့ တကယ်မစွမ်းဆောင်နိုင်တဲ့ လုပ် ငန်းရှင်ကိုပဲ ရပြီးတော့ အောင်မြင်တဲ့ စီမံကိန်းကြီးတွေ ဖြစ်မလာ ဘူး’’ဟု ဦးဆက်အောင်က ပြော သည်။ 

ထို့အတွက် စီမံကိန်းများ ဆောင်ရွက်ရာတွင် မည်သည့်စီမံ ကိန်းအမျိုးအစားသည် နိုင်ငံတော်ဘတ်ဂျက်ဖြင့်သွားမည်။ မည် သည့်စီမံကိန်းအမျိုးအစားသည် နိုင်ငံခြားချေးငွေဖြင့် ဆောင်ရွက် မည်။ မည်သည့်စီမံကိန်းအမျိုး အစားသည် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည် စသည့် အသေးစိတ်အချက်အလက်များ ကို ဝန်ကြီးဌာနများအနေဖြင့် ရေး ဆွဲပြင်ဆင်ကာ လုပ်ငန်းရှင်များ ကို ချပြသင့်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

နိုင်ငံ၏ လက်ရှိစီးပွားရေးကိစ္စရပ်များနှင့် ပတ်သက်၍ UMFCCI ၌ ဒုတိယသမ္မတ (၁) ဦးဆောင်သော အဖွဲ့က လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးများတွင် လုပ်ငန်းရှင်များဘက်က တင်ပြမှုများကိုသာ အဓိကထားပြီး နိုင်ငံတော်က ဆောင်ရွက်မည့် အစီအစဉ်အသေးစိတ်ကို ပြောကြားခြင်း မရှိသဖြင့် အဆိုပါ အစည်းအဝေးပွဲများ၌လည်း အ သိပေးနိုင်သော အခွင့်အရေးများ ရှိသည်ဟု စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်းက ပြောသည်။ 

‘‘အဲဒီအစည်းအဝေးတွေမှာ လည်းပဲ အစိုးရ ဘာတွေလုပ်နေ တယ်ဆိုတာကို ဒုတိယသမ္မတက အသေးစိတ်ရှင်းပြနိုင်တယ်။ ပြီး တော့မှ လုပ်ငန်းရှင်တွေဘက်က တောင်းဆိုတဲ့ဟာတွေကိုလည်း ပဲ စာရင်းဇယားယူသွားပြီးတော့ လိုအပ်တာလုပ်ပေးမယ်ပေါ့။ အဲဒီလိုပုံစံမျိုးဆိုရင်တော့ ပိုကောင်း တာပေါ့’’ဟု ဦးဇော်ဖေဝင်းက မှတ်ချက်ပြုသည်။ 

အစိုးရအနေဖြင့် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းစဉ်များကို ချပြရုံဖြင့် မရဘဲ ပုဂ္ဂလိက လုပ်ငန်းရှင်များ လုပ်ကိုင်နိုင်မည့် အနေအထားဖြစ်အောင်လည်း ကူညီပေးဖို့လိုသည်ဟု UMFCCI ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင် မှတ်ချက်ပြုသည်။ 

‘‘နိုင်ငံတကာမှာလည်း Project တွေလုပ်ပြီဆိုရင် စီမံ ကိန်းကုန်ကျစရိတ်က အရေးကြီး တာပေါ့။ Project Finance ကို နိုင်ငံပိုင်ဘဏ်တွေက ဘယ်လို စီစဉ်ပေးမလဲ။ နိုင်ငံခြားဘဏ် တွေက ဘယ်လိုစီစဉ်ပေးမလဲ။ နောက်ပုဂ္ဂလိကဘဏ်တွေကနေ ဘယ်လိုရယူနိုင်မလဲပေါ့နော်။ ဒီ လို Project Finance တွေနဲ့တွဲ နိုင်ရင် စီမံကိန်းသတင်းအချက် အလက်တွေလည်းရမယ်။ စီမံ ကိန်းနဲ့ ပတ်သက်ပြီးတော့၊ ပုဂ္ဂလိ ကကဏ္ဍကနေဝင်ပြီးတော့ လုပ် နိုင်တဲ့အနေအထားလည်းရှိမယ်။ နောက် Project Finance တွေ ပါရမယ်ဆိုရင်တော့ ပိုပြီးတော့ လျင်လျင်မြန်မြန် သွက်သွက် လက်လက်နဲ့ ပြီးသွားမှာပေါ့။ အစိုးရရဲ့ တည်ဆောက်ရေးလုပ် ငန်းတွေမှာ ပုဂ္ဂလိက ပါဝင်ပြီး တော့ လုပ်နိုင်တဲ့ အနေအထား တစ်ခုကို ဖန်တီးပေးမယ်ဆိုရင် ပိုပြီးတော့ လျင်လျင်မြန်မြန်တိုး တက်လာမယ့်သဘောတော့ တွေ့ရတာပေါ့။ အရေးအကြီးဆုံးက တော့ Finance ပေါ့’’ဟု ဦးရဲမင်း အောင်က ပြောသည်။

7Day


0 comments:

Post a Comment