Friday, November 30, 2018

ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များ ဒီဇင်ဘာလအတွင်း ကျမ်းကျိန်မည်

ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ကျမ်းသစ္စာကျိန်ဆိုရန် မန္တလေးတိုင်း လွှတ်တော် အထူးအစည်းအဝေးကို ဒီဇင်ဘာ ဒုတိယပတ်အတွင်း ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ အသိုင်းအဝိုင်းထံမှ သိရသည်။ 
သပိတ်ကျင်းမြို့နယ်မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းလွှတ်တော်အတွက် တစ်နေရာ၊ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးအတွက်တစ်နေရာ လစ်လပ်လျက်ရှိရာ နိုဝင်ဘာ ၃ ရက်နေ့ကကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိခဲ့သည်။ 

“အထူးအစည်းအဝေး ခေါ်ထားတယ်။ ကျမ်းကျိန်ပြီးမှ သူတို့ကတရားဝင်ဖြစ်မှာ။ ဒါကြောင့် အထူးအစည်းအဝေး ခေါ်ရတာ။ သပိတ်ကျင်းကိုယ်စားလှယ်နဲ့ တပ်မတော်သား ကိုယ်စားလှယ်နှစ်ဦး ကျမ်းကျိန်ကြမယ်။ ရှမ်းတိုင်းရင်းသား ရေးရာဝန်ကြီးကတော့ အဲ့ဒီနေ့မှာ အစိုးရအဖွဲ့က အဆိုတင်ရမယ်။ ဒီအဆိုကို လွှတ်တော်က လက်ခံပြီးတော့မှ အစိုးရအဖွဲ့ကနေ သမ္မတဆီပို့ရမယ်။ သမ္မတဆီက ပြန်လာပြီးတော့မှ ကျမ်းကျိန်ရမယ်ပေါ့။ ကျမ်းကျိန်ပြီးမှ တရားဝင်ဝန်ကြီးဖြစ်မယ်”ဟု မန္တလေးတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ပြောကြားသည်။ 

မန္တလေးတိုင်းလွှတ်တော် အထူးအစည်းအဝေးကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ခေါ်ယူမည်ဖြစ်ရာ ရှမ်းတိုင်းရင်းသား ဝန်ကြီးနေရာအတွက် ကျမ်းကျိန်မှုများ ပြုလုပ်နိုင်ရန် ယင်းအစည်းအဝေးကို သုံးရက်ခန့် ကျင်းပမည်ဖြစ်ကြောင်း မန္တလေးတိုင်း လွှတ်တော်ရုံးအဖွဲ့ထံမှ သိရသည်။ 

The Voice


0 comments:

Post a Comment