Friday, November 30, 2018

သာသနာရေးဝန်ကြီးက အစွန်းရောက်ဘာသာတရားတခုဟုသုံးနှုန်းခြင်းမှာ ဘာသာတရားတခုကို ရည်ရွယ်ချက်ရှိရှိပြောခြင်းမဟုတ်ဟု သာသနာရေးဝန်ကြီးဌာန ထုတ်ပြန်


သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုက အစွန်းရောက်ဘာသာ တရားတခုဟုသုံးနှုန်းခြင်းမှာ ဘာသာတရားတခုကိုရည်ရွယ်ချက်ရှိရှိ ပြောဆိုသုံးနှုန်းခြင်းမဟုတ်ဘဲ ဘာသာ ရေးအယူအဆပြင်းထန်သူများကိုသာ ညွှန်းဆိုသုံးနှုန်းခြင်းဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနက နိုဝင်ဘာ ၃၀ ရက်တွင် သတင်းထုတ်ပြန်သည်။ 
ပြည်ထောင်စုဝန်ကြီးသည် မည်သည့်ဘာသာတရား၊ မည်သည့်လူမျိုးကိုမှခွဲခြားဆက်ဆံမှုမရှိဘဲ နိုင်ငံငြိမ်းချမ်းရေးကို အဆင်အမြဲလက်ကိုင်ထားလျှက်ရှိကြောင်း၊ ၀န်ကြီး၏စကားအပေါ်တွင် သည်းခံနားလည်စွာဖြင့် အဓိပ္ပါယ်ကောက်ယူပြီး ငြိမ်းချမ်းတည်ငြိမ်းရေးအတွက် မလိုလားအပ်သောပြဿနာများမဖြစ်ပေးစေရန် ပူးပေါင်းဆောင်ရွက်ရန် မေတ္တာရပ်ခံပါသည်ဟု သာသနာရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 

ကရင်ပြည်နယ်၊ မြိုင်ကြီးငူဒေသတွင် နိုဝင်ဘာ၂၇ ရက်နေ့ကကျင်းပခဲ့သည့် မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တသုဇတ ၏ အန္တိမအဂ္ဂမဈာပနတွင် သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက မြန်မာနိုင်ငံတွင် လာမည့် နှစ် ၅၀ အတွင်း ဗုဒ္ဓဘာသာဝင် လူနည်းစုဖြစ်သွားဖွယ်ရှိသဖြင့် တချိန်ချိန်တွင် မျိုးစောင့် -ဥပဒေ (၄) ရပ်အနက် တလင်တမယားစနစ်ဥပဒေကို ပြင်ဆင်ဖြည့်စွက်ပြုလုပ်ပေးရန် လျှောက်တင်ခဲ့သည်။ 

ဝန်ကြီးကလျှောက်ထားရာတွင်“ဆရာတော်ဘုရားကြီးတို့ကနေ လွှတ်တော်ကိုတင်ခဲ့တဲ့ မျိုးစောင့်ဥပဒေ ၄ ရပ်အနက်က တလင်တမယားစနစ်ပတ်သက်တဲ့ ဥပဒေလည်း လွှတ်တော်မှာ ဆွေးနွေးအတည်ပြုခဲ့ကြပြီး ဖြစ်ပါတယ် ဘုရား။ တခုရှိတာက ဒီနေ့အထိ တလင်တမယားစနစ်ဥပဒေကြောင့် အရေးယူခံရတဲ့ လူပုဂ္ဂိုလ်တွေက ရာပေါင်းများစွာရှိခဲ့ပါတယ် ဘုရား။ ၀မ်းနည်းစရာကောင်းတာက ထိုသူများသည် ဗုဒ္ဓ ဘာသာဝင် မြန်မာတိုင်းရင်းသားများသာ ဖြစ်နေကြပါသည်ဘုရား။ အခြား ဘာသာခြား၊ လူမျိုးခြား၊ တဦးတယောက်မှပါသည်ဟု ဘုရားတပည့်တော် မကြားရသေးပါ ဘုရား။ ဘုရားတပည့်တော်တို့က တလင်တမယားစနစ်နဲ့ သားသမီးတယောက်၊ နှစ်ယောက်ယူနေတဲ့အချိန်မှာ ဘာသာကြီးတခုက ဇနီးမယား ၃၊ ၄ ယောက်ယူပြီးတော့မှ သားသမီး ၁၅ ယောက်၊ ၂၀မွေး ဖွားနေတဲ့အချိန်မှာ ဘုရားတပည့်တော်တို့ နောင်အနှစ် ၃၀၊ ၄၀၊ ၅၀ ကာလကြာမြင့်သော် ဘုရားတပည့်တော်တို့ ပြည်ထောင်စုကြီးမှာ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ မြန်မာတိုင်းရင်းသားများက လူနည်းစုဖြစ်သွားမှာ သေချာနေပါတယ် ဘုရား။ ဘာသာခြားတွေက လူများစုဖြစ်ပြီးတော့မှ လွှမ်းမိုးသွားမဲ့ အန္တရာယ်ကလည်း ရှိနေပါတယ် ဘုရား” ဟု လျှောက်ထားခဲ့သည်။ 

အဆိုပါပြောကြားချက်နှင့်ပတ်သက်၍ ကုရ်အာန်အသိပညာပြန်ပွားရေးအဖွဲ့က နိုဝင်ဘာ ၂၈ ရက်တွင် သဘောထားကြေညာချက်တခု ထုတ်ပြန်ခဲ့သည်။ 

ကုရ်အာန်အသိပညာပြန်ပွားရေးအဖွဲ့၏ထုတ်ပြန်ချက်တွင် အစွန်းရောက်ဘာသာတရားတခုဟု သုံးနှုန်းခြင်းအပေါ် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော ဘာသာတရားတခုကို ရည်ညွှန်ခြင်းဖြစ်သည်ဟု နားလည်မိကြောင်း၊ မည်သည့် ဘာသာကို ရည်ညွှန်းသည်ဖြစ်စေ ၀န်ကြီးအနေဖြင့် ဘာသာတရားတခုခုကို အစွန်းရောက်ဟုသုံးနှုန်းခြင်းအား များစွာဝမ်းနည်းမိကြောင်းနှင့် အမြန်ဆုံး ပြန်လည်ဖြေရှင်ရန်မျှော်လင့်ကြောင်း ဖော်ပြပါရှိသည်။ 

News Watch

0 comments:

Post a Comment