Thursday, November 29, 2018

ဖြူးတွင် နွေစပါးစိုက်ပျိုးမှု တိုးတက်သော်လည်း ရေပေးဝေရေး အခက်အခဲရှိ



ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်မှာ အခုနှစ် ချောင်းပိတ်စနစ်နဲ့ နွေစပါးစိုက်ပျိုးမှု ဧက မြင့်တက်လာပေမယ့် ရေပေးဝေရေးမှာ အခက်အခဲရှိပြီး တောင်သူတွေ တောင်းသလောက် ခွင့်မပြုနိုင်ခဲ့ဘူးလို့ ဆည်မြောင်းတာဝန်ရှိသူတဦးက ပြောပါတယ်။ 
“အရင်နှစ်က ချောင်းပိတ်စနစ်နဲ့ တောင်သူတွေက ဧက ၅၀၀၀ ကျော်စိုက်တယ်။ ဒီနှစ်မှာ တင်ပြလာတာက ဧက ၁၂၀၀၀ ကျော်တယ်။ တောင်သူတွေက တောင်းတာတော့မှန်တယ်၊ တချို့နေရာတွေဆို ရေမရောက်နိုင်တဲ့ နေရာတွေရှိတယ်။ ဆည်မြောင်းကပေးတဲ့ မြောင်းနဲ့ပေးရင်တော့ ရေကိုလိုအပ်သလို သွင်းထုတ်လုပ်နိုင်ပေမယ့် စနစ်တကျ ဆည်ရေသောက်မဟုတ်ဘဲ ချောင်းပိတ်ဖြစ်တဲ့အတွက် ရေအလေအလွင့်များတယ်။ သစ်ပတ်ချောင်းဆိုရင် ချောင်းမှာ ပိတ်ဆို့နေတာတွေကို ပြန်လည်တူးဖော်ရမှာတွေရှိတယ်။ သစ်ပတ်ချောင်းဆို ကျနော်တို့က ရေတံခါးပဲ ဆောက်ပေးနိုင်တယ်။ ကျန်တဲ့အပိုင်းတွေ လိုက်မလုပ်ပေးနိုင်ဘူး ဖြစ်နေတယ်။ နောက်ရေမရောက်တဲ့နေရာတွေ ရှိနေတဲ့အတွက် သူတို့တောင်းတာ ၁၂၀၀၀ ဆိုပေမယ့် ကျနော်တို့ပေးနိုင်တာက ဧက ၈၀၀၀ ဖြစ်သွားတာ” လို့ ဖြူးဆည်မြောင်းဌာနမှ ဦးစီးအရာရှိ ဦးမြဝင်းကိုက ပြောပါတယ်။ 

ပြီးခဲ့တဲ့နှစ်ကလို ပဲစိုက်တောင်သူတွေ၊ အင်းသမားတွေ အခက်အခဲမရှိအောင် ကြိုတင်စီမံ ဆောင်ရွက်ထားတယ်လို့လည်း ဦးစီးဌာန ဖြူးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက ပြောပါတယ်။ 

“ပဲသမားတွေကို ထိခိုက်မှု မရှိအောင်လည်း ဆောင်ရွက်နေတယ်။ အရင်နှစ် ဇန်နဝါရီ ၁ ရက်မှာ ရေချပေးတယ်၊ ဒီနှစ်မှာတော့ ၁၅ ရက်နောက်ဆုတ်ပြီး ရေချပေးမယ်။ အင်းသမားကလည်း ရှေ့ကို ၁၅ ရက်တိုးပြီး ငါးပက်ပေးရမယ်၊ ညှိနှိုင်းမှု အောင်မြင်သွားတာပေါ့။ မနှစ်ကလောက် အခက်ခဲမရှိတော့ဘူး၊ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်နေပါတယ်။” 


၂၀၁၇ ခုနှစ်က ဖြူးမြို့နယ်မှာ ချောင်းပိတ်စနစ်နဲ့ နွေးစပါးစိုက်ဧက ၅၀၀၀၊ ဆည်ရေသောက်စနစ်နဲ့ ၁၈၀၀ ကျော်စိုက်ပျိုးခဲ့ပြီး အခု ၂၀၁၈ ခုနှစ်မှာ ချောင်းပိတ်စနစ်နဲ့ ဧက ၈၀၀၀၊ ဆည်ရေသောက်စနစ်နဲ့ ဧက ၄၈၀၀ စုစုပေါင်းစိုက်ဧက ၁၂၈၀၀ လောက် စိုက်ပျိုးသွားမယ်လို့ သိရပါတယ်။

DVB 

0 comments:

Post a Comment