Friday, November 30, 2018

မန္တလေး ဆရာစံဈေး အဆင့်မြှင့်ခြင်းလုပ်ငန်း ရက်ပိုင်းအတွင်းစမည်


မန္တလေးမြို့တော်အတွင်းရှိ ဈေး ၄၅ ခုအနက် အောင်မြေသာစံမြို့နယ်ရှိ ဆရာစံဈေးကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ယခုရက်ပိုင်းတွင် စတင်မည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။ 
“ဈေးတွေအားလုံးထဲကမှ ဒီနှစ် (၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်) ထဲမှာ ပထမဆုံး အဆင့်မြှင့်တာ။ ဒီရက်ပိုင်းအတွင်းမှာပဲ အဆောက်အအုံဌာနကနေ ဒီဇိုင်းတွေဆွဲ မယ်။ အဲဒါပြီးရင် လုပ်ငန်းစမယ်” ဟု ၎င်း က ပြောဆိုသည်။ 

မန္တလေးစည်ပင်အနေနှင့် အောင်မြေ သာစံမြို့နယ်ရှိ ဆရာစံဈေး၊ ချမ်းအေး သာစံမြို့နယ်ရှိ ရန်ကြီးအောင်ဈေး၊ မဟာအောင်မြေမြို့နယ်ရှိ မန်းမြို့ဈေး၊ ချမ်းမြ သာစည်မြို့နယ်ရှိ ကန်သာယာဈေးနှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ တံခွန်တိုင်ဈေးတို့ကို အဆင့်မြှင့်တင်ရန်ရွေးချယ်ထားရာ ယင်းတို့အနက် ပထမဆုံးအနေနှင့် ဆရာစံဈေးကို အဆင့်မြှင့်တင်ခြင်းဖြစ်သည်။ 

ဘုန်းကြီးကျောင်းဝင်းအတွင်း ဈေးရောင်းခဲ့ကြရာမှ ဈေးသည်များများ ပြားလာသောကြောင့် ၁၉၉၂ ခုနှစ်တွင် ဆရာစံဘောလုံးကွင်းအတွင်း၌ မြို့တော် စည်ပင်က ယာယီဆိုင်ခန်းများဆောက်ကာ နေရာချထားပေးခဲ့ကြောင်း၊ အဆိုပါ ဈေးသည် သူရဲဈေးဘူတာအနီးတွင်ရှိပြီး မတ္တရာမြို့နယ်ဘက်မှ အသီးအနှံ၊ ငါး အမျိုးမျိုး၊ ရေကြက်၊ စနိုက် စသည့် သား ငါးများ လာရောက်ရောင်းချခဲ့ရာ ပျံကျဈေးသည် ၁၀၀၀ နီးပါးခန့်ရှိသောကြောင့် ဈေးအတွင်း၌သာမက ရထားလမ်းပေါ်နှင့် ကားလမ်းမပေါ်များတွင်ပါ ရောင်းချနေကြောင်း မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီထံမှ သိရသည်။ 

အဆိုပါဈေးကို အဆင့်မြှင့်တင် ပြုပြင်နေစဉ်ကာလအတွင်း ဈေးအပြင်ဘက်တွင် ယာယီရောင်းချနိုင်ရန် ကွန်ကရစ် ခင်းပေးမည်ဖြစ်ကြောင်း၊ ဈေးသည်များ အရောင်းအဝယ် မထိခိုက်စေရန်နှင့် အဆင့်မြှင့်တင်သည့်လုပ်ငန်း အဆင်ပြေစေမည့်နည်းဖြင့် ပြုပြင်သွားမည်ဖြစ်ကြောင်း၊ ဈေးအတွင်း ရေမဝပ်စေရန်၊ ဈေးအနီးရှိ မြောင်းအတွင်း ရေစီးဆင်းစေရန်လည်း ပြုလုပ်ပေးမည်ဖြစ်ကြောင်း ဦးကျော်ဆန်းမြင့်က ထပ်လောင်းပြောဆိုသည်။ 


မန္တလေးမြို့တော်စည်ပင်အနေနှင့် ဈေးငါးခုကို အဆင့်မြှင့်တင်ပြုပြင်မည် ဖြစ်သကဲ့သို့ လက်ကားပန်းဈေးတစ်ခုကိုလည်း တည်ဆောက်ပေးရန် စီစဉ်ထားသည်။

The Voice 

0 comments:

Post a Comment