Thursday, November 29, 2018

ဟောင်ကောင်မှာ ဘတ်စ်ကားနဲ့ အငှားကားတို့ တိုက်မိလို့ လူ ၅ ဦး သေပြီး ၃၀ ကျော် ဒဏ်ရာရ


ဟောင်ကောင်မှာ နိုဝင်ဘာ ၃၀ ရက်က ခရီးသည်တင် ဇိမ်ခံဘတ်စ်ကားတစ်စီးနဲ့ တက္ကစီအငှားယာဉ်တစ်စီးတို့ တိုက်မိလို့ လူငါးဦး သေဆုံးကာ ၃၂ ဦးထိခိုက်ဒဏ်ရာတွေ အသီးသီး ရသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 
Cathay Pacific လေကြောင်းလိုင်း ဝန်ထမ်းတွေလိုက်ပါလာပြီး ဟောင်ကောင် လေဆိပ်ဆီ ဦးတည်မောင်းနှင်လာခဲ့တဲ့ ဘတ်စ်ကားနဲ့ အငှားယာဉ် တို့ တိုက်မိခဲ့ကြတာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ 

ယာဉ်တိုက်မှုဖြစ်ပြီးနောက် နောက်ပိုင်း ကြေမွပျက်စီးနေတဲ့ တက္ကစီ ယာဉ်တစ်စီးနဲ့ ခေါင်းပိုင်း ပျက်စီးနေတဲ့ ဘတ်စ်ကားတစ်စီးတို့ကို ဗီဒီယိုပုံရိပ်တွေထဲမှာ မြင်တွေ့ခဲ့ရပါတယ်။ 

" တက္ကစီက ရုတ်တရက် စက်ချို့ယွင်းပြီး လမ်းရဲ့ ဘယ်ဘက်ခြမ်းမှာ ထိုးရပ်သွားခဲ့ပုံရပါတယ်၊ စက္ကန့်လေးဆယ်လောက်အကြာမှာပဲ နောက်ကလာတဲ့ဘတ်စ်ကားက သူ့ကို ဝင်တိုက်မိတာဖြစ်ပါတယ်" လို့ ရဲအရာရှိ Yip Siu-ming က ပြောသွားပါတယ်။ 

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် တက္ကစီ ဒရိုင်ဘာ အပါအဝင် ဘတ်စ်ကားပေါ်က ခရီးသည် အမျိုးသား နှစ်ဦး၊ အမျိုးသမီး နှစ်ဦး တို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

Mizzima - News in Burmese

0 comments:

Post a Comment