Thursday, November 29, 2018

ပြင်သစ်သမ္မတ မက်ခရွန်နှင့် လူငယ်နှစ်ဦး တွဲရိုက်ထားသောပုံကို ဖေ့စ်ဘွတ်က လိင်ညစ်ညမ်းဓါတ်ပုံဟုသတ်မှတ်ပြီး ဆင်ဆာပိတ်ခဲ့



ကိုကိန်းရောင်းသူလူမိုက်၊ လက်ခလယ်ထောင်ပြနေသော ၄င်း၏ ဝမ်းကွဲအစ်ကိုတို့နှင့် ပြင်သစ်သမ္မတမက်ခရွန်တို့ သုံးဦးတွဲရိုက်ထားသောဓါတ်ပုံကို အင်တာနက်တွင် အတော်ကြာအောင် ဝိုင်းဟားနေခဲ့ကြရာ ယခုဖေ့စ်ဘွတ်တွင် ၄င်းဓါတ်ပုံမှာ အဖေါ်အချွတ်နှင့် လိင်ညစ်ညမ်းဓါတ်ပုံ စာရင်းသွင်းခံရသဖြင့် ဆင်ဆာထိသွားရှာပြီဟု သိရသည်။ 
အင်တာနက်သုံးသူ ပြင်သစ်အချို့ကမူ ၄င်းတို့ထိုဓါတ်ပုံကို မရှဲနိုင်၊ မတင်နိုင်တော့အောင် ဖေ့စ်ဘွတ်က ဆင်ဆာပိတ်ပေးလိုက်ခြင်းဟုဆိုကာ ပူညံပူညံလုပ်နေကြသည်။ ယင်းဓါတ်ပုံမှာ လိင်အသားပေးဓါတ်ပုံဟူသော အကြောင်းပြချက်ဖြင့် ဖေ့စ်ဘွတ်တွင် တင်ခွင့်ပင်မပေးတော့ပေ။ စိန့်မာတင်ကျွန်း၌ ဟာရီကိန်းအာမာတိုက်ခတ်အပြီး စက်တင်ဘာလကုန်တွင် ကျွန်းသားများကို ပြင်သစ်သမ္မတမက်ခရွန်သွားတွေ့ချိန်က နိုင်ငံရေးသမားထုံးစံအတိုင်း လက်ဆွဲနှုတ်ဆက်၊ ကလေးများကိုပွေ့ချီသည့် ဓါတ်ပုံများရိုက်အပြီးတွင် ထိုလူငယ်နှစ်ဦးနှင့် ဓါတ်ပုံတွဲရိုက်ခဲ့ခြင်းဖြစ်သည်။ 

ယင်း သမိုင်းဝင်ဓါတ်ပုံတွင် သမ္မတကို အလယ်၌ညှပ်ထားပြီး အတူတွဲရိုက်ခွင့်ရခဲ့သူနှစ်ဦးအနက် တစ်ဦးမှာ အင်္ကျီကျွတ်၊ ဘောင်းဘီဖင်လျှောဝတ်ထားပြီး သမ္မတဘေးတွင်ချွေးသံတရွှဲရွှဲဖြင့် လက်ခလယ်ထောင်ပြပြီး ဓါတ်ပုံအရိုက်ခံခဲ့သည်။ နောက်တစ်ဦးဆိုလျှင် ရပ်ကွက်တွင်း ကိုကင်းရောင်းနေသူပါ ဖြစ်နေသည်ဟု သိရသည်။ 

သို့ဖြစ်ရာ ဆင်ဆာထိသွားခြင်းမှာ မက်ခရွန်အတွက် အသက်ရှူချောင်ဖို့ဖြစ်သွားခဲ့လေသည်။ ဆင်ဆာပိတ်လိုက်သူမှာ မက်ခရွန်ဘက်တော်သားတစ်ဦးမဟုတ်ပဲ ဖေ့စ်ဘွတ်၏ ဓါတ်ပုံဖတ် AI ဖြစ်နေနိုင်သည်ဟု ယူဆကြသည်။ ယခင်တွင် အငတ်ဘေးသင့်သဖြင့် ပိန်လှီနေသော ယီမင် မိန်းကလေးတစ်ဦး၏ နံရိုးအပြိုင်းပြိုင်းဓါတ်ပုံကိုလည်း ကလေးသူငယ်အဖေါ်အချွတ်ပုံဟု ၄င်း AI က သတ်မှတ်ကာ ဆင်ဆာပိတ်ခဲ့သေးသည်။ နောက်မှသာ ထိုဓါတ်ပုံမှာ စစ်အနိဋ္ဌာရုံအဖြစ် ပြန်အသိအမှတ်ပြုပေးပြီး ဆင်ဆာကိုရုပ်သိမ်းပေးခဲ့သည်။ 


သို့သော်ငြား သမ္မတမက်ခရွန်၏ သမိုင်းဝင်ဓါတ်ပုံကို မည်သည့်အကြောင်းကြောင့် အဖေါ်အချွတ်နှင့် လိင်ညစ်ညမ်းဓါတ်ပုံပုဒ်မဖြင့် ဆင်ဆာပိတ်လိုက်သည်ကိုမူ ရှင်းလင်းဖေါ်ပြခြင်း မရှိသေးချေ။ 


(အကုန်သိသတင်းဌာန)

0 comments:

Post a Comment