Thursday, November 29, 2018

ဝန်ကြီးချုပ်အပြောင်းအလဲသတင်း ဖော်ပြသည့် The Speaker ဂျာနယ်နှင့် သမ္မတရုံး အငြင်းပွားမှု ပြေလည်

“ဝန်ကြီးချုပ်လေးဦးနှင့် ဝန်ကြီးအချို့ အနားပေးမည်ဟု သတင်းထွက်ပေါ်ဆိုသော” သတင်းဖော်ပြခဲ့သည့် The Speaker ဂျာနယ်နှင့် နိုင်ငံတော်သမ္မတရုံးအကြား အငြင်းပွားမှုပြဿနာ ပြေလည်သွားပြီဖြစ်ကြောင်း သတင်းမီဒီယာကောင်စီ MPC ဥက္ကဋ္ဌ ဟံသာဝတီဦးအုန်းကြိုင်က ပြောကြားသည်။ 
“သမ္မတရုံးနဲ့ဖြစ်တဲ့ကိစ္စကို အခုလို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (MPC) မှာ ညှိနှိုင်းပြီးဖြေရှင်းလိုက်တော့ နှစ်ဖက်စလုံးအဆင်ပြေသွားပြီ၊ှ Speaker ဂျာနယ်က Facebook ကနေပြီးတော့ တောင်းပန်စာကို ရေးသားပြီး ဖော်ပြခဲ့တယ်။ ဒီဇင်ဘာလ ၅ ရက်မှာထွက်မယ့် သူတို့ဂျာနယ်မှာ ထပ်ပြီးတောင်းပန်လိမ့်မယ်”ဟု ၎င်းက ဆိုသည်။ 

၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၂-၂၈ ရက်နေ့ထုတ် The Speaker ဂျာနယ်၊ အတွဲ (၂)၊ အမှတ် (၅၀) တွင် ပါရှိသည့် “ဝန်ကြီးချုပ်လေးဦးနှင့် ဝန်ကြီးအချို့ကို အနားပေးမည်ဟု သတင်းထွက်ပေါ်၊ မန်းတိုင်း ဝန်ကြီးချုပ်နှင့် ဒေါက်တာဝင်းမြတ်အေး မပါ”ဟူသော သတင်းဖော်ပြချက်သည် ခိုင်လုံမှုမရှိသော သတင်းအရင်းအမြစ်ကို အခြေခံ၍ရေးသားဖော်ပြခဲ့ခြင်းဖြစ်သောကြောင့် နိုင်ငံတော်သမ္မတရုံးနှင့် တာဝန်ရှိသူများ၊ စာဖတ်သူများအား ရှင်းလင်းတောင်းပန်ကြောင်း The Speaker ဂျာနယ်၏ လူမှုကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာလ ၂၉ ရက်က ထုတ်ပြန်ခဲ့သည်။ 

နိုင်ငံတော်သမ္မတရုံးက The Speaker ဂျာနယ်၏ ဝန်ကြီးချုပ်လေးဦးနှင့် ဝန်ကြီးအချို့ကို အနားပေးမည်ဆိုသော သတင်းသည် ခိုင်မာမှုမရှိသည့်သတင်း ဖြစ်သည့်အတွက် ပြန်လည်ရှင်းလင်း တောင်းပန်ရေးသားရန် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ တိုင်ကြားခဲ့ခြင်းကြောင့် ကြားဝင်ဖြေရှင်းပေးခဲ့ခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသည် လတ်တလော Eleven သတင်းမီဒီယာနှင့် ရန်ကုန်တိုင်းအစိုးရအကြား အမှုကိုလည်း ကိုင်တွယ်ဖြေရှင်းလျက်ရှိသည်။

The Voice

0 comments:

Post a Comment