Thursday, November 29, 2018

ဟေတီလူမိုက်များအပေါ် လက်သံပြောင်ခဲ့သောဗိုလ်ချုပ်ကြီးက ဘရာဇီးလူမိုက်နှိမ်နင်းရေးတွင် တာဝန်ယူတော့မည်


လွန်ခဲ့သော ၁၃ နှစ်ခန့်က ဟေတီနိုင်ငံဆင်းရဲသားရပ်ကွက်တစ်ခု၌ မင်းမူနေသော ဆင်းရဲသားလူမိုက်ဂိုဏ်းကို ကုလသမဂ္ဂတပ်သား ရာနှင့်ချီကာ ဝင်ရောက်ဖြိုခွဲချေမှုန်းခဲ့ရခြင်းမျိုး ရှိခဲ့သည်။ 
ထိုစစ်ဆင်ရေးကို ကြီးကြပ်ခဲ့သူမှာ အော်ဂတ်စတို ဟယ်လန်နို အမည်ရှိသည့် ဘရာဇီးဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်သည်။ ပို့တ်အော်ပရင့်မြို့ဆင်းရဲသားရပ်ကွက်၌ ပြုလုပ်ခဲ့သော ယင်းစစ်ဆင်ရေးတွင် ဆင်းရဲသားလူမိုက်များနှင့် ၇ နာရီကြာအောင် အပြန်အလှန် ပစ်ခတ်ခဲ့ရသည်ဟု ဆိုသည်။ ကုလငြိမ်းချမ်းရေးတပ်သားများဖက်က ကျည်ဆန်အတောင့် ၂၂,၀၀၀ ကျော် အသုံးပြုပြီးမှ လူမိုက်ခေါင်းဆောင် ဒရက်ဒ်ဝေလ်မီ ကို ရှင်းလင်းနိုင်ခဲ့ကြသည်။ 

“သံလက်သီး”ဟု အမည်ပေးထားသော ထိုစစ်ဆင်ရေးမှာ ဟယ်လန်နို၏ အောင်ပွဲများအနက် တစ်ခုဖြစ်သည်။ ဟေတီသမ္မတဟောင်းကို သူပုန်များ ဖြုတ်ချလိုက်အပြီး ပြည်တွင်းမငြိမ်မသက်ဖြစ်လာသဖြင့် ကုလတပ်များ ဝင်ရောက် ထိန်းသိမ်းခဲ့ကြခြင်း ဖြစ်သည်။ သို့သော် သံလက်သီးစစ်ဆင်ရေးတွင် အပြန်အလှန်ပစ်ခတ်မှုကြောင့် မိန်းမနှင့် ကလေးများအပါအဝင် အပြစ်မဲ့အရပ်သားများသေခဲ့ရသဖြင့် “ လူသတ်ပွဲ ” ဟု လူအခွင့်အရေးအဖွဲ့များက သတ်မှတ်ရှုတ်ချခဲ့ကြသည်။ ဟေတီနိုင်ငံပြင်ပတွင် လူသိနည်းခဲ့သော ထိုစစ်ဆင်ရေးမှာ ဘရာဇီးသမ္မတလောင်း ဂျဲရ်ဘော် ဆွန်နရို လက်ထက်တွင် နိုင်ငံတော်လုံခြုံရေးမူဝါဒ လမ်းစဉ်အတွက် နမူနာဖြစ်လာနိုင်နေသည်။ ဟယ်လန်နို ကို နိုင်ငံတော်လုံခြုံရေးအကြံပေးခန့်ပြီး သံလက်သီး စစ်ဆင်ရေးတွင် သုံးခဲ့သောနည်းများကို ဘရာဇီး၏ နာမည်ကျော် ဖာဗဲလားဆင်းရဲသားလူမိုက်များအား နှိမ်နင်းရာတွင် အသုံးပြုစေလိုကြောင်း ဟယ်လန်နိုနှင့် ဟေတီအတွေ့အကြုံရှိ ဗိုလ်ချုပ်များကို သမ္မတလောင်းက ဖုန်းဆက်ပြောကြားခဲ့သည်။ 

ယမန်နှစ်တွင် ကမ္ဘာ့လူသတ်မှုအမြင့်ဆုံးနိုင်ငံအဖြစ် ဘရာဇီး ဗိုလ်စွဲခဲ့ပြီး လူသတ်မှု ၆၄,၀၀၀ အထိ ရှိခဲ့သည်။ ဥပဒေချိုးဖောက်သူများကို မိမိလက်ထက်တွင် ညှာနေမည်မဟုတ်ဟု ဘော်ဆွန်နရိုက ကြိမ်းထားလေသည်။ “ ကျုပ်တို့ အဲဒီလိုကောင်တွေနဲ့ စစ်ဖြစ်နေရတယ်။ ဟေတီလည်း အရင်တုန်းက အဲ့ဒီလိုပဲ။ ဟေတီမှာဆို မသေချင်ရင် သေနတ်ကိုင်ထားတဲ့ လူမိုက်ကိုတွေ့တဲ့အခါ ကိုယ်က အရင်ဦးအောင်ပစ်ပြီး ပြဿနာရှင်းနေခဲ့ကြရတယ် ” ဟု ဘော်ဆွန်နရိုက ရုပ်သံအင်တာဗျူးတစ်ခုတွင် ပြောဆိုခဲ့သည်။ 

ဘရာဇီး (အထူးသဖြင့် ရာဇဝတ်မှုပေါသော ရီယိုဒီဂျနဲရိုးပြည်နယ်) တွင်လည်း ဟီလန်နို မည်သို့မည်မျှ လက်သံပြောင်မည်ကို တွေ့ရလိမ့်ဦးမည်။ မူးယစ်ဆေး၊ ပြန်ပေးဆွဲမှု၊ လက်နက်ကိုင် သောင်းကျန်းမှုများ ကျူးလွန်နေသော ထိုဆင်းရဲသားလူမိုက်များကို ယခင်က ဖြိုခွဲနှိမ်နင်းနိုင်ခဲ့သော်လည်း ရေရှည်မခံပဲ ပြန်ထကြွလာခဲ့ကြသည်။ ဘော်ဆွန်နရိုနှင့်အတူ ရာထူးတက်မည့် ရီယိုပြည်နယ်ဝန်ကြီးလောင်း ချပြခဲ့သော ရာဇဝတ်နှိမ်နင်းရေးအစီအစဉ်အရ လက်ဖြောင့်သေနတ်သမားများကို ရဟတ်ယာဉ်အသုံးပြုခွင့်ပေးပြီး ဖာဗဲလားဆင်းရဲသားလူမိုက်များကို အပေါ်စီးမှ ပစ်သတ်နှိမ်နင်းစေမည့်အပြင် ငြိမ်ဝပ်ပိပြားရေးဖေါ်ဆောင်ရာတွင် စစ်တပ်အကူအညီကို ဆယ်လထပ်ယူမည်ဟု ဆိုသည်။ ထိုအစီအစဉ်ကို ဟယ်လန်နိုက ထောက်ခံခဲ့သည်ဟု သိရသည်။ 

ဆင်ခြေဖုံးတွင် ကာလကြာရှည် စစ်ဆင်ရေးဆင်းရလျှင် တပ်သားများ စိတ်ဓါတ်ပျက်လာမည့်အပြင် ဘရာဇီးစစ်တပ်ကို ပြည်သူတို့ ရွံမုန်းလာမည်ဟု စစ်သားအချို့က ဆိုးရွံ့နေကြသည်။ ထိုသို့ နှိမ်နင်းမည့်အစီအစဉ် မအောင်မြင်ပါက နိုင်ငံခေါင်းဆောင်အသစ်များ တစ်ခါတည်း မြောင်းထဲရောက်သွားနိုင်သည်ဟု ကျွမ်းကျင်သူများကလည်း ခန့်မှန်းနေကြသည်။ 

(အကုန်သိသတင်းဌာန)

0 comments:

Post a Comment