Thursday, November 29, 2018

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ်ချမှတ်ခံထားရသူ နှစ်ဦး၏ အယူခံကို ယခုနှစ်ကုန်၌ အမိန့်ချဖွယ်ရှိပြီး အမိန့်မပြောင်းလဲပါက ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာ တင်မည်ဟုဆို



ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် ပြစ်မှုကျူးလွန်သည်ဟုဆိုကာ သေဒဏ်ချမှတ် ခံထားရသည့် မြန်မာနိုင်ငံသား အလုပ်သမား နှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ ၏ နောက်ဆုံးအယူခံအား ထိုင်းနိုင်ငံ အမြင့်ဆုံးတရားရုံးသို့ တင်ထားမှုမှာ ကိုးလခန့် ကြာ မြင့်နေပြီဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းလောက်တွင် အမိန့်ချမှတ်နိုင်ဖွယ်ရှိကြောင်း လိပ်ကျွန်းလူသတ်မှုတွင် လိုက်ပါကူညီ ဆောင်ရွက်ပေးသည့် မြန်မာသံရုံး အထူးအဖွဲ့မှ ဦးအောင်မျိုးသန့်က ပြောကြားသည်။ 
ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့၏ အယူ ခံကို ထိုင်းနိုင်ငံ အမြင့်ဆုံးတရားရုံးသို့ ၂၀၁၈ ခုနှစ် သြဂုတ် ၂၉ ရက်က စာမျက်နှာပေါင်း ၃၁၉ ရွက်၊ အချက် ၁၁ ချက်ပါ အယူခံလွှာကို တင်သွင်းခဲ့ခြင်းဖြစ်ပြီး အပြီးသတ် အမိန့်ချ မှတ်ရန် စောင့်ဆိုင်းနေဆဲဖြစ်ရာ ယခုနှစ်ကုန်ပိုင်းတွင် အမိန့်ချမှတ်ဖွယ်ရှိကြောင်း ဦးအောင်မျိုးသန့်က ပြောကြားသည်။ 

“သူတို့ထိုင်းနိုင်ငံရဲ့ဥပဒေဖြစ်နေတယ် လေ။၂၂ ရက် မတ် ၂၀၁၈ ကတည်းက ထိုင်း အစိုးရရှေ့နေဘက်ကရော ခုခံတဲ့ တရားခံ ဘက်ကရော လျှောက်လဲချက်တွေ ပေးပြီးပါပြီ။ တကယ်တမ်းသူတို့ရဲ့ပြောဆိုချက်အရဆိုရင် ခြောက်လကြာရင်တော့ အမိန့်ချတတ်ပါတယ်။ ဒါပေမဲ့ အခုက ခြောက်လကျော် ကိုးလရှိလာပါပြီ။ အမိန့်က ထွက်မလာသေးပါဘူး။ သို့သော် အမိန့်ထွက်ခါနီးဆိုရင် အစိုးရဘက်ရော ခုခံသူဘက်ရော အကြောင်းကြားပါတယ်။ အကြောင်းကြားတဲ့ နေ့ရက်ကျရင် အဲဒီတရားရုံးကိုသွားပြီး အမိန့်ကို နားထောင်ရပါတယ်။ အန်ကယ်ကတော့ ထင်တယ်။ အများဆုံး ဒီနှစ်ကုန်လောက်တော့ ဖြစ်မယ်လို့ ယုံကြည်ပါတယ်” ဟု ဦးအောင်မျိုးသန့်က ပြောကြားသည်။ 

ယင်းသို့ အယူခံအမိန့်ချမှတ်မှုမှာ မူလပြစ်ဒဏ်ဖြစ်သည့် သေဒဏ်ကိုသာ အတည်ပြုခဲ့ပါက ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ အနေဖြင့် ဥပဒေအရ သတ်မှတ်ထားသည့် အယူခံလွှာ တင်သွင်းခွင့် အဆုံးသတ် သွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်ထံသို့ အသနားခံလွှာ တင်သွင်းရန်သာ ကျန်ရှိတော့ကြောင်းနှင့် သေဒဏ်အမိန့်ကို မပယ်ဖျက်ခဲ့ပါက အသနားခံစာ တင်သွင်းရန် ကြိုးစားဆောင်ရွက်မည်ဖြစ်ကြောင်း ဦးအောင်မျိုးသန့်က ဆိုသည်။ 

“ပြစ်ဒဏ်က ပြောင်းလဲမှု မရှိခဲ့ဘူးဆိုရင် ဥပဒေအရ တောင်းဆိုခွင့်ကတော့ မရှိတော့ပါဘူး။ ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာပေးဖို့ပဲ ရှိတော့ပါတယ်။ အဲဒီအမိန့်ချပြီး တစ်လအတွင်း ထိုင်းဘုရင်မင်းမြတ်ဆီကို အသနားခံစာ တင်ဖို့အတွက် ကြိုးစားဆောင်ရွက်သွားမှာပါ။ ဒါပေမဲ့ အခုထိ ကလေးတွေက သူတို့ပြစ်ဒဏ်ကနေ လွတ်မြောက်မယ်လို့ ယုံကြည်နေပါတယ်” ဟု ၎င်းက ပြောကြားသည်။ 

၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင် ဖြစ်ပွားခဲ့သည့် ဗြိတိန်နိုင်ငံသား ခရီးသွားစုံတွဲ သတ်ဖြတ်ခံရမှုတွင် မြန်မာနိုင်ငံသား အလုပ်သမားများဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို လူသတ်မှု၊ မုဒိမ်းမှု အပါအဝင် အမှုခုနစ်ခုဖြင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ 


Eleven Media Group


0 comments:

Post a Comment