Thursday, November 29, 2018

ကလေးနို့တိုက်မည့် မိခင်တစ်ဦးကို အရှက်ခွဲစော်ကားသဖြင့် ရှော့ပင်းမောလ်က ပြန်တောင်းပန်ခဲ့ရ


အိန္ဒိယနိုင်ငံကာလကတ္တားမြို့တွင် ဈေးဝယ်သူတစ်ဦး ကလေးနို့တိုက်မည်ကို ရှော့ပင်းမောလ်တစ်ခုက ထိုသို့ကိစ္စများကို အိမ်တွင်အပြတ်လုပ်လာခဲ့ပြီး မောလ်တွင်လာမလုပ်ရန် ပြောသဖြင့် ပွက်လောရိုက်သွားခဲ့သည်။ 
၎င်းခွန်းတုံ့ပြန်မှုကို မောလ်၏ ဖေ့စ်ဘွတ်ပေ့ခ်ျ၌ ထိုဈေးဝယ်သူရေးခဲ့သော ပို့စ်အောက်တွင် ကောမန့်အနေဖြင့် ပေးခဲ့ပြီး မောလ်တွင် ကလေးနို့တိုက်ရန်အတွက် သီးသန့်နေရာမရှိဟုလည်း ဆိုခဲ့သည်။ 

ထိုသို့တုံ့ပြန်မှုမှာ ကလေးအမေကို အရှက်ခွဲခြင်းဟု လူအများကမြင်ကာ ဒေါသူပုန်ထခဲ့ကြသည်။ အိန္ဒိယ၌ လူမြင်ကွင်းတွင် ကလေးနို့တိုက်ခြင်းမှာ ထူးဆန်းသောကိစ္စမဟုတ်ပေ။ အင်္ဂါနေ့၌ ကလေးအမေရေးတင်ခဲ့သော ရဗြူးပို့စ်တွင် မောလ်၌ ကလေးနို့တိုက်ရန်အတွက် နေရာမရှိကြောင်းနှင့် ဝန်ထမ်းတစ်ဦးကို အကူအညီတောင်းသောအခါတွင်လည်း အိမ်သာထဲတွင် နို့သွားတိုက်ဟု အကြံပေးလွှတ်လိုက်ကြောင်း ဆိုထားသည်။ 

ထိုသို့သောအကြံပေးချက်မှာ ရွံစရာ စိတ်ပျက်စရာကောင်းသည်ဟုဆိုကာ Rating အညံ့ပေးခဲ့သည်။ ထိုပေ့ခ်ျကိုကိုင်တွယ်သူကမူ ဆိုင်များတွင် ကလေးနို့တိုက်ခွင့်ပေးမထားကြောင်းနှင့် အိမ်ပြင်တွင် ကလေးနို့တိုက်ရန် ကြိုတင်အစီအစဉ်ဆွဲထားသင့်ကြောင့် ခွန်းတုံ့ပြန်ချေပခဲ့သည်။ ထို့နောက် မောလ်စီမံခန့်ခွဲရေးအဖွဲ့က မရှေးမနှောင်းတွင် တောင်းပန်လာခဲ့ပြီး အထပ်တိုင်းတွင် နို့တိုက်ရန်နှင့် အဝတ်လဲရန်အခန်းများ ဖြည့်ဆည်းပေးထားကြောင်း၊ ယခုကိစ္စကြောင့် ပေ့ခ်ျကို ကိုင်တွယ်ပေးသော အေဂျင်စီနှင့်လည်း လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

သို့သော် မောလ်၏ ပေ့ခ်ျတွင် ထိုကိစ္စအတွက် ဝိုင်းဝေဖန်သံများ ပလူပျံနေဆဲဖြစ်သည်။ အိန္ဒိယတွင် ဆာရီဝတ်သော ကလေးအမေများ ကလေးနို့တိုက်လျှင် ဆာရီစနှင့်ဖုံးအုပ်ကာ တိုက်ကြသည်။ လူဦးရေ ၁ ဒသမ ၃ ဘီလီယံရှိသောတိုင်းပြည်၌ လူမြင်ကွင်းတွင် မိခင်များ ကလေးနို့တိုက်နေသည်မှာ ထူးဆန်းသော မြင်ကွင်း မဟုတ်ပေ။ 

လူမြင်ကွင်းတွင် ကလေးနို့တိုက်ခြင်းမှာ ကမ္ဘာတစ်ဝန်း၌ အငြင်းပွားဖွယ်ကိစ္စတစ်ခု ဖြစ်နေသေးသည်။ ယခုနှစ်အစောပိုင်း၌ မော်ဒယ်တစ်ဦး ကလေးနို့တိုက်နေသောဓါတ်ပုံကို အိန္ဒိယမဂ္ဂဇင်းတစ်ခုက မျက်နှာဖုံးတင်ပြီးထုတ်ဝေခဲ့ရာ လူအများဝေဖန်ငြင်းခုံခဲ့ကြသေးသည်။

(အကုန်သိသတင်းဌာန)

0 comments:

Post a Comment