Friday, November 30, 2018

မန်းစည်ပင်ဥပဒေနှင့်ပတ်သက်ပြီး ပြည်သူ့အသံကြားနာပွဲ ပြုလုပ်မည်


မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဥပဒေနှင့် ပတ်သက်၍ ပြည်သူ့အသံကြားနာပွဲကို မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် ဒီဇင်ဘာလ ၇ ရက်နေ့ မှ ၉ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 
ယင်းပြည်သူ့အသံကြားနာပွဲတွင် ဈေးနှင့် သားသတ်ဌာန နှင့် ဆိုင်သည့်အရာများ ဆွေးနွေးသွားမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင်များ ၊ ဌာနမှူးများ နှင့် စည်ပင်သာယာ အုပ်ချုပ်ရေးအဖွဲ့များ စသည်တို့ကို ဖိတ်ကြားထားကြောင်း သိရသည်။ 

"ဒီလိုပြည်သူ့အသံကြားနာပွဲလုပ်တာ ကောင်းတဲ့ အချက်ဖြစ်တယ် ။ အရင်တုန်းက ဒီလိုမလုပ်ဖူးဘူး ။ ဒါပထမဆုံးအကြိမ်ပဲ ။ စည်ပင် ဥပဒေလို့ ပြောတဲ့အခါ စည်ပင်ဥပဒေမှာ အပိုင်းတွေက အများကြီးရှိတယ် ။ ဌာနတွေက အများကြီးရှိတယ် ။ အကုန်လုံးမလုပ်နိုင်တော့ ခုဟာက ဈေးနဲ့ သားသတ်ဌာန ကို အရင်လုပ်တာပါ" ဟု မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင် က ပြောသည်။ 

ပြည်သူ့အသံကြားနာပွဲတွင် ဈေး နှင့် သားသတ်ဌာန နှင့် သက်ဆိုင်သည့် ဈေးအကျိုးတော်ဆောင်များ ၊ ဈေးသူ ဈေးသားများ ၊ လမ်းဘေးဈေးသည်များ၊ ပျံကျဈေးသည်များ ၊ သားသတ်လိုင်စင်ရသူများ ၊ မွေးမြူရေးလုပ်ငန်းရှင်များ နှင့် ကုန်ပဒေသာ ပိုင်ရှင်များ၏ အကြံပြုချက်များကို တောင်းခံထားကြောင်း သိရသည်။ 

"ဥပဒေတစ်ရပ်ရေးဆွဲတဲ့အခါ သက်ဆိုင်တဲ့သူတွေရဲ့ အသံတွေပါတော့ ပိုကောင်းတယ် ။ အရင်တုန်းက အပေါ်ကနေ အောက်သွားတာ ။ ခု အောက်ခြေကနေစပြီး အပေါ်ကိုသွားမှာဖြစ်တယ် ။ ကျွန်တော်တို့ လေ့လာထားသလောက်တော့ ဈေးအကျိုးတော်ဆောင်သာပြောတာ ဈေးနဲ့ ပတ်သက်တဲ့ ဥပဒေမသိဘူး ။ လိုင်စင်စီနဲ့ ပတ်သက်တာမသိဘူး ။ ခုဟာက ဥပဒေကို သူတို့ပါဝင်ရေးဆွဲတဲ့သဘောပဲ ။ ဒီတော့ သူတို့ သိပြီး လိုက်နာမှာဖြစ်တယ်" ဟု ဦးတင်အောင် က ဆက်လက်ပြောသည်။ 

ထိုသို့ ပြည်သူ့အသံကြားနာပွဲများကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရှိ ဌာန (၁၄) ခု လုံးအတွက် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

The Fifth Wave News

0 comments:

Post a Comment