Thursday, November 29, 2018

ဒေါ်အောင်ဆန်းစုကြည် သီလရှင်ဆရာကြီး ဒေါ်သုဓမ္မ၀တီထံသွားရောက်ဂါရ၀ပြုမည်



နီပေါနိုင်ငံတွင်ရောက်ရှိနေသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် ဗုဒ္ဓစာပေကျမ်းဂန်များ သင်ယူလေ့လာခဲ့ပြီး နီပေါတွင် သာသနပြုလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် သီလရှင်ဆရာကြီး သမီးချစ်(ခေါ်) ဒေါ်သုဓမ္မ၀တီထံ သွားရောက်ဂါရ၀ပြုမည်ဖြစ်ကြောင်း သိရသည်။ 

သီလရှင်ဆရာကြီး ဒေါ်သုဓမ္မ၀တီသည် အသက် ၁၂ နှစ်အရွယ်တွင် နီပေါနိုင်ငံသို့ရောက်ရှိလာသော မြန်မာဘုန်းတော်ကြီး ဦးဓမ္မာဝုဓထံမှ ဗုဒ္ဓတရားတော်များကို နာယူရရာမှ မြန်မာနိုင်ငံသို့လာရောက်၍ ဗုဒ္ဓစာပေများကို သင်ယူလေ့လာလိုစိတ် အထူးပြင်းထန်ခဲ့သည်။ 
အသက် ငယ်ရွယ်လွန်းသေးသဖြင့် မိဘများကတားမြစ်သော်လည်းမရဘဲ အိန္ဒိယသို့ပြန်ကြွသွားသည့် ဘုန်းတော်ကြီး ဦးဓမ္မာဝုဓရှိရာ ကုသိနာရုံ သူငယ်ချင်းမိန်းကလေး ၂ ဦးနှင့်အတူ လိုက်သွားခဲ့သည်။ ထိုမှတဆင့် အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှ မြန်မာပြည်ပြန်မည့် ရှမ်းလူမျိုး ဆင်မုဆိုးအဖွဲ့နှင့်အတူ တောလမ်းခရီးကို ၁၅ ရက်ခန့်ဖြတ်ပြီး မြစ်ကြီးနားသို့ရောက်ရှိခဲ့သည်။ 
မြန်မာနိုင်ငံတွင် လ၀က ဥပဒေဖြင့် ၂ လခန့် ဖမ်းဆီးအရေးယူခံခဲ့ရပြီး မြန်မာနိုင်ငံသို့လာရင်းရည်ရွယ်ချက်ကို သိရှိပြီးနောက်တွင်မှ အချုပ်မှလွတ်မြောက်၍ မော်လမြိုင်မြို့  ကျိုက်သလ္လန်စေတီတော်ကြီးအနီး ခေမာရာမ သီလရှင်ကျောင်းတိုက်ကြီးသို့ ပို့ဆောင်ပေးခဲ့ရာ ဗုဒ္ဓစာပေကျမ်းဂန်များ သင်ယူခွင့်ရရှိခဲ့သည်။ 
ဆရာကြီးသည် အသက် ၁၄ နှစ် အရွယ်တွင် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံတွင် ဆယ့်လေးနှစ်ခန့်နေထိုင်ကာ ဗုဒ္စစာပေများသင်ကြားတတ်မြောက်ခဲ့သည်။ အသက် ၂၈ နှစ်အရွယ်တွင် နီပေါနိုင်ငံသို့ပြန်ကာ ထေရ၀ါဒဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားရေးအတွက် သီလရှင်စာသင်တိုက်များထူထောင်ကာ သာသနာပြုလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။ 
ဒေါ်အောင်ဆန်းစုကြည်သည် နီပေါနိုင်ငံသို့ ၂၀၁၄ ခုနှစ်အတွင်း သွားရောက်ခဲ့စဉ်ကလည်း သီလရှင်ဆရာကြီး မသုဓမ္မ၀တီနှင့် တွေ့ဆုံခဲ့ကြသည်။ 
ဒေါ်အောင်ဆန်းစုကြည်သည် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေး တက်ရောက်ရန် နိုဝင်ဘာ ၂၉ ရက်က နီပေါနိုင်ငံတွင် ရောက်ရှိနေခြင်းဖြစ်ပြီး နီပေါ ဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ကေပီ ရှာမာအိုလီ၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးနှင့် အလုပ်သဘော သွားရောက်ခြင်းဖြစ်သည်။ 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား နီပေါနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး Hon. Mr. Ishwor Pokhrel၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H. E. Mr. Bhim K. Udas ၊ နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သီရီပျံချီ ဦးထွန်းနေလင်းနှင့်ဇနီး၊ အခြားတာဝန်ရှိသူများက လေဆိပ်၌ ခရီးဦးကြိုဆိုပြီး လေဆိပ်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ကြသည်။ 
ဒေါ်အောင်ဆန်းစုကြည်သည် ကတ္တမန္ဒူးမြို့ရှိ Bhrikuti Mandap Exhibition Hall ၌ ပြုလုပ်သည့် Nepal Chamber Expo 2018 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ 
မိန့်ခွန်းပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က နှစ်နိုင်ငံအကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ နီပေါနိုင်ငံမှ စွန့်ဦး တီထွင်လုပ်ငန်းရှင်များအနေဖြင့် မြန်မာ နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍ၊ နည်းပညာကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။ 
ထို့ပြင် သူမအနေဖြင့် နီပေါနိုင်ငံအပေါ် သံယောဇဉ်ရှိကြောင်း၊ နီပေါနိုင်ငံ နှင့် နီပေါပြည်သူများအပေါ် အမြဲတစေ ချစ်ခင်လေးစားမှုရှိပါကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။ 
ခရီးစဉ်အတွင်း နီပေါသမ္မတ ဘီဒီယာဒေ၀ီဘန်ဒါရီ၊ ၀န်ကြီးချုပ် ကေပီ ရှာမာအိုလီတို့နှင့်တွေ့ဆုံကာ နှစ်နိုင်ငံအကျိုးစီးပွားအတွက် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ 



ဝီရ
News Watch 

0 comments:

Post a Comment