Thursday, November 29, 2018

ရန်ကုန်မြို့သစ်စီမံကိန်းတွင် တရုတ်ပါဝင်မှုအပေါ် ဒေါ်စန္ဒာမင်း တုံ့ပြန်

ကြည့်မြင်တိုင်တစ်ဖက်ကမ်းရှိ ရန်ကုန်မြို့သစ်စီမံကိန်း ဖော်ဆောင်ရာ၌ မည်သူမဆိုပူးပေါင်းဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းလွှတ်တော်သို့ တင်ပြကာ ခွင့်ပြုချက်ယူရမည်ဖြစ်ကြောင်း ဆိပ်ကြီး ခနောင်တိုမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက တုံ့ပြန်ပြောကြားလိုက်သည်။ 
ရန်ကုန်တိုင်းအစိုးရ အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ်စီမံကိန်းတွင် နိုင်ငံတော်ဘတ်ဂျက် တစ်စိတ်တစ်ပိုင်းပါဝင်နေသဖြင့် တရုတ်နိုင်ငံက ပူးပေါင်းဆောင်ရွက်မည်ဟု ထုတ်ပြန်သည့်အပေါ် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။ 

“ပြီးခဲ့တဲ့လွှတ်တော်တုန်းက အတည်ပြုတုန်းက ပြည်သူ့ဘဏ္ဍာတွေ မပါပါဘူး။ အခုဆိုရင် ၆၄ ဘီလီယံတောင် ထုတ်ပေးထားတာရှိပါတယ်။ ဒါကြောင့်မို့ ဒီကိစ္စကို ဘယ်သူနဲ့ပဲ ပူးပေါင်းဆောင်ရွက်ဆောင်ရွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ လွှတ်တော်မှာတင်ပြဆွေးနွေးမယ်လို့ မျှော်လင့်ပါတယ်”ဟု ဒေါ်စန္ဒာမင်းက ဆိုသည်။ 

ရန်ကုန်မြို့သစ်စီမံကိန်း တည်ဆောက်ရာ၌ တင်ဒါခေါ်ဆိုနိုင်ရန် လိုအပ်သည့် Pre-Project Documents (PPD) ကို အပြီးသတ်နိုင်ရန် New Yangon Development Co.,Ltd. နှင့် China Communications Con- struction Company Ltd(CCCC) တို့ ဆွေးနွေးညှိနှိုင်းမှုမှာ နောက်ဆုံးအဆင့် ရောက်နေပြီဖြစ်ကြောင်း New Yangon Development Co.,Ltd. လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။ 

ရန်ကုန်မြစ်အနောက်ဘက်ကမ်းရှိ မြေပေါ်တွင် တည်ဆောက်မည့် အနောက်တောင် မြို့သစ်စီမံကိန်းကို ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် တွံတေးမြို့နယ်ရှိ လယ်မြေဧကနှစ်သောင်းပေါ်တွင် ပြုလုပ်မည်ဖြစ်သည်။

The Voice

0 comments:

Post a Comment