Friday, November 30, 2018

မြန်မာဘက်ကဝင်လာသည့် မူးယစ်ဆေးသယ်ဆောင်သူများနှင့် ထိုင်းစစ်တပ် ပစ်ခတ်မှုဖြစ်ပွား


ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့နယ်ထဲမှာ မြန်မာဘက်ကဝင်လာတဲ့ မူးယစ်ဆေးဝါး သယ်ဆောင်တဲ့အဖွဲ့နဲ့ ထိုင်းစစ်တပ်တို့ မနေ့ည သန်းခေါင်လောက်က ပစ်ခတ်မှုတွေဖြစ်ပွားပြီး မူးယစ်ဆေးသယ်လာသူတဦး သေဆုံးကာ စိတ်ကြွဆေးပြား ၃ သိန်းခွဲလောက် ဖမ်းဆီးရမိတယ်လို့ အေအီးစီ ထိုင်းရုပ်သံသတင်းမှာ ဖော်ပြပါတယ်။ 
မယ်ဆိုင်မြို့နယ်၊ ကော်ချန့်ကျေးရွာအုပ်စုထဲမှာ မူးယစ်ဆေးဝါးသယ်ဆောင်မယ့် ကြိုတင်သတင်းအရ အမှတ် ၃ တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ကွန်မန်ဒိုတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်နဲ့ မူးယစ်ရဲတပ်ဖွဲ့ ပူးပေါင်းပြီး နိုဝင်ဘာ ၂၈ ရက်ကတည်းက စောင့်ကြပ် စစ်ဆေးနေခဲ့တာလို့ အမှတ် ၂ ကွန်မန်ဒိုတပ် တပ်မမှူး ဗိုလ်မှူးကြီ ချားတရီး ဆငွန်ထမ်းက ဒီမနက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

နိုဝင်ဘာ ၂၉ ရက် ညသန်းခေါင်ယံအချိန်မှာတော့ မြန်မာနယ်စပ်နဲ့ မီတာ ၂၀၀ အကွာ ဘန့်ဆရီချိုင်းဖွန်းကျေးရွာအနီး ကျောပိုးအိတ်ကိုယ်စီနဲ့ မယ်ဟုတ်ချောင်းကို ဖြတ်ကျော်ဝင်ရောက်လာသူ ၁၅ ဦးကို တာဝန်ရှိသူတွေက ရပ်ဖို့ အမိန့်ပေးရာမှာ ရပ်မပေးဘဲ လက်နက်တွေနဲ့ အရင်ပစ်လို့ ထိုင်းစစ်တပ်နဲ့ မိနစ် ၂၀ လောက် အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 

ဒီနေ့မနက် နယ်မြေ ဝင်ရောက်ရှင်းလင်းရာမှာ မူးယစ်ဆေးဝါးသယ်ဆောင်တဲ့ အဖွဲ့ဝင်တဦးရဲ့ အလောင်းကို တွေ့ရပြီး သေဆုံးသူအနီးမှာ ကျောပိုးအိတ်သုံးလုံး တွေ့ရှိရကာ အထဲမှာ စိတ်ကြွဆေးပြား စုစုပေါင်း သုံးသိန်းခွဲလောက် သိမ်းဆည်းရမိတယ်လို့ ကွန်မန်ဒိုတပ်မမှူးက ပြောသွားပါတယ်။ 

ထိုင်း-မြန်မာနယ်စပ်မှာ ခုတပတ်အတွင်း မူးယစ်ဆေးဝါး သယ်ဆောင်သူနဲ့ ထိုင်းစစ်တပ်တို့ကြား ပစ်ခတ်မှုဖြစ်ပွားတာ ဒီတကြိမ်ပါရင် စုစုပေါင်း ၃ ကြိမ်ရှိသွားပြီး မူးယစ်ဆေးဝါး သယ်ဆောင်တဲ့ အဖွဲ့ဘက်က စုစုပေါင်း ၇ ဦးသေဆုံးကာ စိတ်ကြွဆေးပေါင်း ၁ သန်း ၄ သိန်းခွဲနဲ့ ဘိန်းဖြူ ၁ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ပါတယ်။ 

DVB


0 comments:

Post a Comment