Thursday, November 29, 2018

KNU တပ်မင်းဟောင်း၏ မြေဧက ၂၀၀ ကျော်ကို ပြန်သိမ်းခံရ၍ နိုင်ငံတော်အတိုင်ပင်ခံထံ တင်ပြတောင်းဆိုမည်


တပ်မတော်အစိုးရလက်ထက်အတွင်းက ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မင်းဟောင်း စောထရူးမင်းကို လုပ်ပိုင်ခွင့်ပေးခဲ့သည့် တောင်ငူမြို့ဒိုးသောင်ကွင်းရှိ မြေဧက ၂၀၀ ကျော်ကို ယခုနှစ် အောက်တိုဘာလနောက်ဆုံးပတ်က ပဲခူးတိုင်းအစိုးရက ပြန်လည်သိမ်းဆည်းခဲ့သည့်အတွက် နိုင်ငံတော်အတိုင်ပင်ခံအပါအဝင် နိုင်ငံတော်အဆင့် ပြန်လည်တင်ပြတောင်းခံမည်ဖြစ်ကြောင်း တပ်မင်းဟောင်း၏ မိသားစုဝင်များက ပြောကြားသည်။ 
စောထရူးမင်းသည် ငြိမ်းချမ်းရေးရယူခဲ့ပြီးနောက် နိုင်ငံ့ဂုဏ်ရည် ဒုတိယဆုပေး အပ်ချီးမြှင့်ခံရသည့် KNU တပ်မဟာ ၃ တပ်မင်းဟောင်းမှ တပ်မင်းတစ်ဦးဖြစ်သည်။ 

“အမိုးတို့ ငုတ်ထုတ်တောတိုး (မြေယာရှင်းလင်းခြင်း) လုပ်ကိုင်ခဲ့ကြတဲ့မြေက ခေတ်အဆက်ဆက်ကျူးကျော်ခံရလို့ တာဝန်ရှိသူအဆင့်ဆင့်တိုင်ကြားခဲ့တယ်။ မဖြေရှင်းပေးတဲ့အပြင် အုပ်ချုပ်ရေး အာဏာပိုင်တွေက ခြိမ်းခြောက်ငေါက်ငမ်းခံခဲ့ရတယ်။ အခုပွင့်လင်းလာချိန် ဒီမြေတွေ ပြန်လည် စိုက်ပျိုးလုပ်ကိုင်လိုတယ်လို့ တင်ပြပြန်တော့ မြေစာရင်းဌာနက ပြီးခဲ့တဲ့ တစ်လလောက်က နိုင်ငံတော်ဗဟိုလယ်ယာမြေအဖွဲ့က ပြန်သိမ်းတယ်ဆိုပြီး စာပို့ခံလိုက်ရတယ်။ အမိုးတို့လက်မလျှော့သေးဘူး။ ထပ်မံတင်ပြတောင်းဆိုမယ်”ဟု စောထရူးမင်း၏ သမီးဖြစ်သူ နော်ရှယ်လီက ပြောကြားသည်။ 

သို့ရာတွင်“မြေလွတ်မြေလပ်ဥပဒေ စည်းကမ်းချက်အရတော့ ချပေးပြီး လေးနှစ်ကျော်အထိ စိုက်ပျိုးလုပ်ကိုင်မှုမရှိရင် ပြန်လည်သိမ်းဆည်းတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်ငံသားတစ်ဦးရပိုင်ခွင့်အရ သူတို့ မိသားစုဘက်ကလည်း အဆင့်ဆင့်ကို ပြန်လည်တင်ပြလျှောက်ထားခွင့်ရှိပါတယ်”ဟု တောင်ငူမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနဦးစီးမှူး ဦးစိုးစိုးထွန်းက ပြောကြားသည်။ 

တောင်ငူခရိုင် KNU လက်အောက်ရှိ KNU တပ်မဟာ ၃ တပ်မင်းဟောင်းဖြစ်သူ ဦးစောထရူးမင်း မိသားစုသည် ၁၉၆၃ ခုနှစ် ဗိုလ်ချုပ်နေဝင်းလက်ထက်က ငြိမ်းချမ်းရေးရယူပြီးနောက် ပဲခူးတိုင်း တောင်ငူမြို့ မြို့ကြီးရပ်တွင် ပြန်လည်အခြေချ နေထိုင်ခဲ့ကြရာမှ ၁၉၉၂ ခုနှစ်ခန့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ တောင်ငူမြို့နယ် ဒိုးသောင်ကွင်းအမှတ် ၄၈၀ အတွင်း မြေလွတ်မြေလပ်ဧက ၂၀၀ ကျော်တွင် လုပ်ပိုင်ခွင့်ပေးခဲ့ကြောင်း၊ ယင်းအချိန်က သက်ရှိထင်ရှားရှိနေသေးသည့် စောထရူးမင်းနှင့် မိသားစုဝင်များက မြေယာများကိုရှင်းလင်းကာ သီဟိုဠ်ပင်နှင့် ငှက်ပျောပင်များ စိုက်ပျိုးလုပ်ကိုင်ခဲ့ကြရာမှ ခေတ်အဆက်ဆက် ကျူးကျော်ဝင်ရောက် လုပ်ကိုင်သူများကို တားဆီး၍ မရသည့်အပြင် နယ်မြေခံအုပ်ချုပ်ရေးအဖွဲ့ အာဏာပိုင်များက ခြိမ်းခြောက်ပြောဆိုခြင်းခံခဲ့ရကြောင်း ၎င်း၏ မိသားစုဝင်များက ပြောကြားသည်။ 

ယင်းမြေယာများကို စိုက်ပျိုးလုပ်ကိုင်ပြီး လေးနှစ်ခန့်အကြာ ၁၉၉၇ ခုနှစ်ခန့်က နာမည်ကြီးစီးပွားရေး လုပ်ငန်းရှင်တစ်ဦး၏ အပေါင်းအပါများက ဝင်ရောက်ကျူးကျော်ပြီး စက်ရုံတစ်ခု ဖွင့်လှစ်လုပ်ကိုင်ခဲ့သည့်အတွက် နောက်ပိုင်းတွင် ဒေသခံ ကျောက်ထုတ်လုပ်ငန်းများက ကျူးကျော်ခဲ့ရုံမျှမက စစ်မှုထမ်းအိမ်ရာများကို အာဏာပိုင်များက အကွက်ရိုက် ဆောက်လုပ်နေရာချထားခြင်းခံခဲ့ရကြောင်း ယင်းမိသားစုဝင်များက ဆိုသည်။ 

“ဒီမြေတွေအားလုံး လန-၃၉ မှာ အဘရဲ့ ယောက္ခမကြီးအမည်ပေါက်တယ်။ ကျူးကျော်ခံရတာကို ၂၀၀၄ လောက်မှာ ကတည်းက တာဝန်ရှိသူအဆင့်ဆင့်ထံ တင်ပြတိုင်ကြားပေမယ့် အရေးမယူဘူး။ အဖက်လုပ်မခံရတဲ့အပြင် နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်တစ်ယောက်ကိုတောင် ငေါက်ငမ်း ပြောဆိုကြတယ်။ ဒီမြေတွေအတွက် နစ်နာရတဲ့ မိသားစုဝင်တွေက နိုင်ငံတော်ရဲ့ အတိုင်ပင်ခံသာမက တာဝန်ရှိသူ အဆင့်ဆင့်ထံ တင်ပြတိုင်ကြားမယ်”ဟု စောထရူးမင်း၏ သမက်တစ်ဦးဖြစ်သည့် ဒေါက်တာအောင်စိုးက ပြောဆိုသည်။ 

အဆိုပါ မြေယာများနှင့်ပတ်သက်ပြီး တောင်ငူမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန စာအမှတ် ၆၁၂ မအ ၇ အောက်တိုဘာ ၂၉/၂၀၁၈ ပါစာ တွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲမှု ဗဟိုကော်မတီ စည်းကမ်းချက်များအရ မြေယာများချထားပေးပြီး လေးနှစ်ကျော်အထိ စိုက်ပျိုးလုပ်ကိုင်မှုမပြုသည့်အတွက် စည်းကမ်းပျက်မြေအဖြစ် ပြန်လည် သိမ်းဆည်းပြီး အာမခံငွေကြေးကို နိုင်ငံ့ဘဏ္ဍာအဖြစ်သိမ်းဆည်းခဲ့ကြောင်း ဦးစောထရူးမင်း၏ အမည်တပ်ပြီး ယခုနှစ်အောက်တိုဘာ ၂၉ ရက်နေ့က စာရေးသားပေးပို့ခဲ့သည်။ 


အောက်မြန်မာနိုင်ငံ မြို့တော်နှင့် ကျေးရွာမြေများအက်ဥပဒေတွင် ပိုင်ရှင်ဖြစ်သူက လက်ဝယ်ထားရှိခွင့်ရှိသည့်မြေနှင့် အစိုးရ စီမံခန့်ခွဲမှုရှိသော မြေဟူ၍ မြေယာအမျိုးအစား နှစ်မျိုးသတ်မှတ်ထားပြီး မြေလွတ်မြေလပ်မြေရိုင်းများကိုမူ အစိုးရကသာ စီမံခန့်ခွဲပိုင်ခွင့်ရှိကြောင်း ထည့်သွင်းဖော်ပြထားသည်။

The Voice 


0 comments:

Post a Comment