Thursday, November 29, 2018

မနေ့ညက ကျောက်မဲ စခန်းသာမှာ နွားတင်ယာဉ်ပစ်ခံရပြီး တိုက်ပွဲဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာ ၃ ဦးဒဏ်ရာရခဲ့


ယမန်နေ့ညက ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမပေါ် ကျောက်မဲမြို့နယ် စခန်းသာကျေးရွာအနားမှာဖြစ်ပွားခဲ့တဲ့ နွားတင်ယာဉ်အပစ်ခံရမှု နဲ့ နောက်ဆက်တွဲတိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ် မှာ စုစုပေါင်း ၃ ဦး သေနတ်ကျည်မှန်ဒဏ်ရာရရှိခဲ့ပါတယ်။ 
မန္တလေးဘက်ကနေ မူဆယ်ဘက်ကို နွားအကောင် ၁၀၀ တင်ဆောင်လာတဲ့ ၁၀ ဘီး ယာဉ် ၅ စီးဟာ ကျောက်မဲ စခန်းသာကျေးရွာနားအရောက်မှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရဲ့ ပစ်ခတ်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။ 

နွားတင်ယာဉ်တန်းရဲ့ ရှေ့ဆုံးယာဉ် ပစ်ခတ်ခံခဲ့ရပြီး ယာဉ်ပေါ်ပါ ယာဉ်မောင်း ဦးသန်းတင် နဲ့ နွားထိန်းဖြစ်တဲ့ ကိုငယ်လေး၊ ကိုမောင်မောင် တို့ ကျည်မှန်ဒဏ်ရာတွေရရှိခဲ့တယ်လို့ လူနာတွေကို သွားရောက်သယ်ဆောင်ပေးပြီး ဆေးရုံပို့ဆောင်ပေးခဲ့တဲ့ ကျောက်မဲမြို့ ဇီဝိတဒါနလူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူက ပေါ်ပြူလာနယူးစ်ကို ပြောပါတယ်။ 
ဒီဖြစ်စဉ်ဟာ ည ၇ နာရီ ခွဲ ၀န်းကျင်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ 
ယာဉ်မောင်းဦးသန်းတင်ဟာ နားထင်နဲ့ လက်မောင်းတို့မှာ ကျည်မှန်ဒဏ်ရာရရှိခဲ့ပြီး ကျန် ၂ ဦးကတော့ ခြေထောက်၊ တင်ပါး စတဲ့နေရာမှာ ဒဏ်ရာအသီးသီးရရှိခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူတော့မရှိခဲ့ပါဘူး။ 
အပစ်ခံရတဲ့နွားတင်ယာဉ်ပေါ်မှာ နွား ၁၈ ကောင်တင်ဆောင်ထားပြီး နွားတစ်ကောင်ကတော့ ကျည်ထိမှန်ဒဏ်ရာနဲ့သေဆုံးခဲ့ပါတယ်။ 
နွားတင်ယာဉ်တွေသေနတ်နဲ့ပစ်ခံရပြီးနောက်မှာ နယ်မြေအခြေစိုက် တပ်ရင်းတပ်ဖွဲ့တွေနဲ့ နွားတင်ယာဉ်တန်းကို ပစ်ခတ်တဲ့ လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့တာကြောင့် လမ်းပိုင်းခေတ္တပိတ်ဆို့ခဲ့ပြီး မော်တော်ယာဉ်တွေဟာ မဖြတ်သန်းဘဲ စောင့်ဆိုင်းခဲ့ကြပါတယ်။ 
ည ၉ နာရီခွဲလောက်မှာ တိုက်ပွဲပြန်လည်ငြိမ်သတ်သွားပြီး မော်တော်ယာဉ်တွေယခင်အတိုင်း ပြန်လည်သွားလာခဲ့တယ်လို့ သိရပါတယ်။ 
မြောက်ပိုင်းလမ်းမှာ ဖြတ်သန်းနေတဲ့ နွားတင်ယာဉ်တွေ သေနတ်နဲ့ပစ်ခတ်ခံရတဲ့ကိစ္စဟာ မကြာခဏ ဖြစ်နေတာပါ။ ပစ်ခတ်ခံရမှုဖြစ်စဉ်တွေကို ကြည့်ရင် တရားဝင်စာရွက်စာတမ်းနဲ့သယ်ဆောင်တဲ့နွားတင်ယာဉ်တွေဟာ အပစ်ခံရတာကို အများဆုံးတွေ့ရပါတယ်။ 
အပစ်ခံရတဲ့နေရာကိုကြည့်မယ်ဆိုရင်လည်း မန်း-မူဆယ်ပြည်ထောင်စုလမ်းပေါ်က ကျောက်မဲမြို့နယ်အတွင်းမှာသာအများဆုံးအပစ်ခံရတာကို တွေ့ရပါတယ်။ 
ကျောက်မဲမြို့နေ ရပ်မိရပ်ဖတစ်ဦးကတော့ တရားမ၀င်သယ်ဆောင်တဲ့နွားတွေကတော့ လမ်းမှာ အသီးသီးကို ဆက်ကြေး/ဂိတ်ကြေး အစုံအလင်ပေးပြီးဖြတ်သန်းတဲ့အတွက် အခုလို ပစ်ခတ်ခံရတာတွေ ဖမ်းဆီးခံရတာတွေ မဖြစ်ပွားကြောင်း၊ ဒါပေမဲ့ တရားဝင်သယ်ဆောင်တဲ့နွားတွေကတော့ အခွန်ဆောင်ပြီး သယ်တာဖြစ်တဲ့အတွက် ဆက်ကြေးမပေးကြတော့တဲ့အခါ အခုလို မကြာခဏဆိုသလို ပစ်ခတ်ခံရတာလည်းဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။ 









Photo- ဇီဝိတဒါနလူမှုကူညီရေးအသင်း(ကျောက်မဲ)
Popular News Journal 

0 comments:

Post a Comment