Friday, November 30, 2018

အောင်မြေသာစံမြို့နယ်မှ Level 4 အဆင့်မီးလောင်မှုကြောင့် နေအိမ် ၉ လုံးဆုံးရှုံးခဲ့


အောင်မြေသာစံမြို့နယ်တွင် လောင်ကျွမ်းခဲ့သော Level- 4 အဆင့်မီးလောင်မှုမှာ ဂတ်(စ်)အိုးယိုစိမ့်ပြီး အနီးပတ်ဝန်းကျင်ရှိ ပန်းထိမ်ဖိုမှ ပေါက်ကွဲမှုကြောင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ နေအိမ်(၉)လုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။ 
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနအရှေ့ရပ်ကွက်၊ အကွက်အမှတ် (၂၉)၊ (၈×၉)လမ်းကြားနှင့် (၈၁×၈၆)လမ်းကြားတွင် နိုဝင်ဘာလ ၂၉ ရက်၊ ညနေ ၄ နာရီ ၅၅ မိနစ်ခန့်က ပိုင်ရှင်ဒေါ်မြမြ၊ (၇၄)နှစ်၏ (၃၀×၃၀)ပေ သွပ်မိုး၊ ထရံကာ(၂)ထပ် နေအိမ်၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မန္တလေးခရိုင်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။ 

အဆိုပါမီးလောင်မှုသည် Level- 4 အဆင့်ထိလောင်ကျွမ်းခဲ့ပြီး မီးလောင်ရသည့်အကြောင်းအရင်းမှာ နေအိမ်အတွင်းရှိ ဂဟေဆော်သည့် ဂတ်(စ်)အိုးယိုစိမ့်ပြီး အနီးပတ်ဝန်းကျင်ရှိ ပန်းထိမ်ဖိုမှတစ်ဆင့် မီးပေါက်မီးပွားဖြစ်ပွား၍ မီးအလုံးအရင်းဖြင့် စတင်ပေါက်ကွဲလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

မီးလောင်မှုကြောင့် (၃၀×၃၀)ပေ သွပ်မိုး၊ ထရံကာ (၂)ထပ်နေအိမ် (၁)လုံး၊ (၂၀×၃၀)ပေ RC (၂) ထပ်နေအိမ် (၁)လုံး၊ (၂၀×၂၀)ပေ သွပ်မိုး၊ ပျဉ်ထောင် (၂)ထပ်နေအိမ် (၁)လုံး၊ (၂၀×၂၀)ပေ သွပ်မိုး၊ ထရံကာ (၂)ထပ် နေအိမ် (၁)လုံး၊ (၁၈×၂၄)ပေ သွပ်မိုး၊ ထရံကာ (၂)ထပ်နေအိမ် (၁)လုံး၊ (၁၆×၂၄) ပေ သွပ်မိုး၊ ထရံကာ (၂)ထပ်နေအိမ် (၁)လုံး၊ (၁၈×၁၈)ပေ သွပ်မိုး၊ ထရံကာ (၂)ထပ်နေအိမ် (၂)လုံး နှင့် (၁၀×၂၀)ပေ သွပ်မိုး၊ ထရံကာ (၁)ထပ်နေအိမ် (၁)လုံး စုစုပေါင်းနေအိမ် (၉)လုံး မီးလောင်ဆုံး ရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၉၂၃၆၀၀၀ ကျပ်နှင့် အတွင်းပစ္စည်းများ ဆုံးရှုံးမှုတန်ဖိုး ၆၀၀၀၀၀ ကျပ်ခန့် စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး ၉၈၃၆၀၀၀ ကျပ်ခန့်ဖြစ်ကြောင်း သိရသည်။ 

ယင်းမီးလောင်မှုဖြစ်ပွားရာနေရာသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦး ဦးဆောင်၍ မီးငြိမ်း သတ်ယာဉ် (၅၀)စီး၊ မီးသတ်ရေသယ်ယာဉ် (၂၀)စီး၊ အုပ်ချုပ်မှုယာဉ် (၄)စီး၊ သန္ဓေ (၅၀)ဦး၊ အရန် (၁၅၀)ဦးတို့ဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ပြီး လူနှင့် တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရ သေဆုံးမှုမရှိကြောင်း သိရသည်။ 

အဆိုပါမီးလောင်မှုနှင့် ပတ်သက်၍ ပိုင်ရှင်ဒေါ်မြမြ၊ (၇၄)နှစ်ကို အောင်မြေသာစံမြို့နယ်၊ အမှတ်(၄) နယ်မြေရဲစခန်းက (ပ)၅၂၂/၂၀၁၈၊ ပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။ 


AKon Thi



0 comments:

Post a Comment