Thursday, November 29, 2018

လက်ရှိဝန်ထမ်းလောကကို ကြည့်ပါက ကျန်းမာရေးမှအစ အုပ်ချုပ်ရေး၊ တရားရေး၊ လုံခြုံရေး၊ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်အပေါ် ပြည်သူများ အတော်စိတ်ပျက်နေကြောင်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ထောက်ပြ



လက်ရှိဝန်ထမ်းလောကကို ကြည့်ပါက ကျန်းမာရေးမှအစ အုပ်ချုပ်ရေး၊ တရားရေး၊ လုံခြုံရေး၊ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်အပေါ် ပြည်သူများ အတော်စိတ်ပျက်နေကြောင်း NLD ပါတီဝင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းက ထောက်ပြပြောကြားသည်။ 
နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ စီမံအုပ်ချုပ်မှုလေ့ကျင့်ရေး သင်တန်းကျောင်းများနှင့် တက္ကသိုလ်များဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရေးနှင့် နှစ်စဉ်ကြေးထည့်ဝင်ရန် ကိစ္စနှင့် စပ်လျဉ်း၍ နေပြည်တော်၌ နိုဝင်ဘာ ၂၉ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ပဉ္စမနေ့တွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးသည့် အစီအစဉ်တွင် ၎င်းကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

“အခုလက်ရှိ ဝန်ထမ်းလောကကို ကြည့်ရင် ကျန်းမာရေးကအစ အုပ်ချုပ်ရေး၊ တရားရေး၊ လုံခြုံရေးနှင့် အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုတွေအပေါ် ပြည်သူတွေ အတော်ကို စိတ်ပျက်နေကြပါတယ်။ လုပ်ပိုင်ခွင့်ကို အကြောင်းပြပြီး ပြည်သူကို ကြပ်တာ၊ ချက်ချင်းလုပ်ပေးလို့ ရပါလျက် အချိန်ဆွဲတာ၊ ကိုယ့်ဆီလာသူကို Service ပေးရမည့်အစား မမြင်ယောင်ဆောင်တာ၊ ငွေပေးမှ အဆင်ချော။ ပြောမယ်ဆိုရင် မိနစ် ၆၀ တောင် မလောက်ပါဘူး။ ဘယ်အစိုးရတက်တက် မူဝါဒတွေ ဘယ်လောက်ကောင်းကောင်း နိုင်ငံအတွက် အရေးကြီးတဲ့ ဒီ Institution ကြီးက ပျက်နေရင် ပလိုင်းပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမှာပါ” ဟု ဦးမျိုးဝင်းက ပြောကြားသည်။ 

အရေးကြီးဆုံး အချက်သည် လူမှန်နေရာမှန်ဖြစ်ရန်ဖြစ်ပြီး ဌာနတစ်ခုတွင် ရာထူးကြီးကြီး ရယူထားလေလေ ပရော်ဖက်ရှင်နယ်ကျရန် လိုလေလေဖြစ်ကာ အရာရှိကြီးများတွင် International Skill ရှိမှသာလျှင် ကိုယ့်အလုပ် ကိုယ်နိုင်နင်းမည် ဖြစ်မည့်အပြင် နိုင်ငံတကာဖြင့်လည်း ပခုံးချင်း ယှဉ်နိုင်မည်ဖြစ်ကြောင်း၊ ကိုယ်ယူရမည့် တာဝန်နှင့် ကိုယ့်အရည်အချင်း ကိုက်ညီရန် လိုအပ်ပြီး ကင်းစောင့်ဖူးရုံဖြင့် ညစောင့်မခန့်သလို ကားမောင်းဖူးရုံဖြင့် ဒရိုင်ဘာမခန့်ကြောင်း ၎င်းက ပြောကြားသည်။ 

ဆက်လက်ပြီး အစိုးရယန္တရားတွင် ကိုယ်တတ်ထားသော ပရော်ဖက်ရှင်နယ်အလုပ်နှင့် ကိုယ်ထမ်းရမည့် တာဝန်သည် သက်ဆိုင်မှု မရှိသော်လည်းခန့်ပြီး အဆက်အသွယ်မှတစ်ဆင့် ဆရာမွေး၊ တပည့်မွေးကာ အောက်မှအပေါ်ထိ ရာထူးများ ရယူခဲ့ကြကာ ရည်မှန်းချက် ကြီးကြီးထားသော အချို့ဝန်ထမ်းများသည် Capacity မြင့်ရန်၊ အလုပ်တွင် ပရော်ဖက်ရှင်နယ်ကျရန်၊ အပြင်းအထန် ကြိုးစားသော်လည်း မိုးပေါ်က တဖြုတ်ဖြုတ် ကျလာသည့် အထက်အရာရှိများကိုကြည့်၍ စိတ်ဓာတ်ကျကာ အလုပ်ထွက်ကြကြောင်း ဦးမျိုးဝင်းက ပြောကြားသည်။ 


Eleven Media Group


0 comments:

Post a Comment