Friday, November 30, 2018

ကင်မွန်းချောင်းကျေးရွာဒေသခံများ ကျိုက်ထီးရိုး တောင်တက် မော်တော်ယာဉ်ပြေးဆွဲခွင့် လျှောက်ထားသည်ကို မွန်ပြည်နယ် ၀န်ကြီးချုပ်ခွင့်မပြု



မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာမှ ဒေသခံ ရွာသား ၃၀၀ ဦး စုပေါင်းကာ ကျိုက်ထီးရိုးဘုရား တောင်တက် လမ်းတွင် ပြေးဆွဲရန်အတွက် ကားအစီး ၃၀ ၀ယ်ယူခဲ့ပြီး မွန်ပြည်နယ် အစိုးရအဖွဲ့ထံ မော်တော်ယာဉ် ပြေးဆွဲခြင်း လျှောက်ခဲ့ခြင်းကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ခွင့်ပြုပေးခြင်းမရှိကြောင်း ဒေသခံများက သတင်းမီဒီယာများကို ပြောကြားသည်။ 

နိုဝင်ဘာလ ၃၀ ရက်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ရှိ တောင်ဝန်နှင်းဆီခန်းမ၌ ပြုလုပ်သည့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် (ကျိုက်ထီးရိုးဘုရား) ဒေသဖွံ့ဖြိုးရေးအတွက် တောင်တက် မော်တော်ယာဉ်များ ပြေးဆွဲရန် ဒေသခံပြည်သူများ တောင်ဆိုခြင်းကို မွန်ပြည်နယ်အစိုးရက ခွင့်မပြုသည့်အတွက် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဒေသခံများက သတင်းမီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ကင်မွန်းချောင်းဒေသခံများသည် တောင်းတက်ကား ပြေးဆွဲရန် အတွက်ကား အစီး ၃၀ ကို ၂၀၁၆ ရက်ခုနှစ်တွင် ၀ယ်ယူခဲ့ပြီး မော်တော်ယာဉ်ပြေးဆွဲ ရရှိရန် ပြည်နယ်အစိုးရအဖွဲ့ထံသို့ အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း တစ်စုံတစ်ရာ အကြောင်း ပြန်ကြားခြင်း မရှိကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပါဝင်သည့် ဒေသများက ပြောကြားသည်။ 

ထို့သို့ အကြောင်းပြန်ကြားခြင်း မရှိသည့်အတွက် ယခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့တွင် မွန်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာအေးဇံနှင့် တွေ့ဆုံကာ မော်တော်ယာဉ်ပြေးဆွဲခွင့် ရရှိရန် တင်ပြခဲ့သော်လည်း ၀န်ကြီးချုပ်က မော်တော်ယာဉ် ပြေးဆွဲခွင့်မပြုနိုင်ကြောင်းကိုသာ ပြောကြားခဲ့သည်ဟု ၀န်ကြီးချုပ်အား သွားရောက် တွေ့ဆုံသည့် အထဲတွင် ပါဝင်ခဲ့သည် ဒေသခံ ကိုစိုးကိုကိုချစ်က ၄င်းတို့နှင့် ၀န်ကြီးချုပ် အပြန်အလှန် ပြောကြားခဲ့သည်များကို သတင်း မီဒီယာများအား ယခုကဲ့သို့ပြောကြားသည်။ 

`ကျွန်တော်တို့ကို သူက (၀န်ကြီးချုပ်) ကော်မတီဖွဲ့ပြီး စိစစ်လိုက် တယ်တဲ့။ စိစစ်တဲ့ကော်မတီအဖွဲ့က တင်ပြချက်မှာ ကားလမ်း ကျဉ်းမြောင်းတယ်။ ကားရပ်နားရန် အခက်အခဲရှိတယ်။ နောက်ပြီးတော့ တောင်ရဲ့ ခံနိုင်ဝန် ကျဆင်းတဲ့အတွက်ကြောင့် အတွက်ပေါ့နော်၊ အဲဒီကော်မတီ ပြန်လည်တင်ပြတဲ့သဘောပဲ` ဟု ၄င်းကပြောသည်။ 

ဆက်လက်ပြီး ကိုစိုးကိုကိုချစ်က ယင်းကိစ္စနှင့်ပတ်သက်ပြီး တောင်တက် မော်တော်ယာဉ်အသင်းကို မေးမြန်းသည့် အခါ တောင်းတက် မော်တော်ယာဉ်အသင်းက အစီးရေး ၁၅၀ ထက် ကျော်လွန်ပါက ၄င်းကို အုပ်ချုပ်၍ မနိုင်သည့် အကြောင်းကို ပြောကြားကြောင်းကိုပါ ထည့်သွင်းပြောကြားသည်။ 

`ကျွန်တော်တို့ ကင်မွန်းချောင်းကနေဆို နှစ်လမ်းသွားလမ်း အဲဒီအခြေအနေကို ကျွန်တော်တို့ရှင်းပြတယ်။ ပြီးရင် ရသေ့တောင်မှာ ကားဝန်းသုံးဝန်းရှိတယ်။ အဲဒီကာဝန်း သုံးဝန်းမှာ ကားအစီး ၂၀၀ ရပ်လို့ရတယ် ဆိုပြီးတော့မှ ကျွန်တော် တင်ပြတယ် ခင်ဗျ။ နောက်အစီး ၁၅၀ ထက်ပိုလို့ အုပ်ချုပ်လို့မရနိုင်ဘူးဆိုရင် ကျွန်တော်တို့ ဒေသခံတွေကို ၀န်ကြီးချုပ် ခွင့်ပြုပေးမယ်ဆိုရင် အစီး ၃၀၀ အထိကို အုပ်ချုပ်ပေးလို့ ရတယ်ဆိုတာ ကျွန်တော် တင်ပြတယ်ခင်ဗျ။ အဲဒီတော့ ၀န်ကြီးချုပ်က အဲဒီကိစ္စငါနဲ့ မဆိုင်ဘူးတဲ့။ နောက်တစ်ခု ကျွန်တော် ထပ်ပြောသေးတယ်ခင်ဗျ။ အစီး ၁၅၀ မှာ Owner ၆၇ ယောက်ပဲရှိတယ်။ ကားကတော့ အစီး ၁၅၀ ရှိတယ်။ ၈ စီး ပိုင်တဲ့သူတွေရှိတယ်။ ၅ စီးပိုင်တဲ့သူတွေ အများကြီးရှိတယ်။ အဲဒီတော့ အဲဒီ Owner တွေကနေပြီးတော့မှ ထုတ်နုတ်ပြီးတော့မှ ကျွန်တော်တို့ဒေသခံကို ၀င်ခွင့်ပေးပါဆိုတဲ့ အခါကျတော့ အဲဒီကိစ္စ ငါစိတ်မ၀င်စားဘူးဆိုတဲ့ အခါကျတော့ ကျွန်တော် ဘာမှ ဆက်ပြောလို့ မရတော့ဘူး` ဟု ၄င်းက ပြောကြားသည်။ 

လက်ရှိ ကျိုက်ထီးရိုး တောင်တက်လမ်းတွင် ပြေးဆွဲနေသည့် မော်တော်ယာဉ်အစီး ၁၅၀ တွင် ဒေသခံပိုင်ဆိုင်သည့် မော်တော်ယာဉ် ၁ စီးသာရှိပြီး ယာဉ်တစ်စီး၏ ၀င်ငွေမှာလည်း တစ်နှစ်လျှင် သိန်း ၅၀၀ အထက်တွင်ရှိကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပါဝင်သည့် ဒေသခံများက ပြောကြားသည်။ 

အကယ်၍ ကင်မွန်းချောင်းဒေသခံများအား တောင်တက် မော်တော်ယဉ်ပြေးဆွဲခွင့် ပြုပါက တစ်နှစ်လျှင် ကားတစ်စီးမှ ရရှိသည့် ၀င်ငွေထဲမှ ၁၀ ရာခိုင်နှုန်းကို ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း ကိုစိုးကိုကိုချစ်က ယခုလိုပြောကြားသည်။ 

`ကားတစ်စီးကို သိန်း ၅၀၀ ရတယ်ဆိုရင် ဥပမာပေါ့ သိန်း ၅၀ ရပြီလေ။ အစီး ၃၀ ဆိုရင် သိန်း ၁၅၀၀ ရမယ်။ အဲဒီ သိန်း ၁၅၀၀ ကို အာဏာပိုင် အဖွဲ့အစည်းတွေရဲ့ ညွှန်ကြားချက်နဲ့ သာယာရေး၊ နာရေး၊ စီးပွားရေး အခန်းကဏ္ဍမှာ ကျွန်တော်တို့ အဖွဲ့အစည်းကနေ ဦးဆောင်ပြီးတော့ သူ့စိုက်နဲ့ သူ့ကော်မတီလေးတွေ ပြန်ဖွဲ့ပြီးတော့ ဒီငွေတွေနဲ့ ကျွန်တော်တို့က နှစ်စဉ် ပြန်လည်ပြီးတော့မှ ဒေသ လူငယ်တွေနဲ့ ပေါင်းစပ်ပြီးတော့မှ ဒေသတစ်ခုလုံး တိုးတက်ဖို့ အတွက် ကျွန်တော်တို့ ပြင်ဆင်ထားတယ်` ဟု ၄င်းက ပြောကြားသည်။ 

ကင်မွန်းချောင်းရွာသားများ ၀ယ်ထားသည့် ကာအစီးရေး ၃၀ ၏ တန်ဖိုးမှာ တစ်စီးလျှင် သိန်း ၄၀၀ ခန့် ရှိသည်ဟုလည်း ဒေသခံများ က ပြောကြားသည်။ 

အောင်ရဲနောင် 
The Ladies News

0 comments:

Post a Comment