Thursday, November 29, 2018

မျိုးဗီဇပြုပြင်မှု သုတေသနလုပ်ငန်းများ ရပ်ဆိုင်းဖို့ တရုတ်အစိုးရ ညွှန်ကြား


မျိုးဗီဇပြုပြင်ပြောင်းလဲမှု သုတေသန လုပ်ကိုင်နေသူတွေအားလုံး လုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ တရုတ်နိုင်ငံ သိပ္ပံပညာဝန်ကြီးဌာနက ဒီကနေ့ပဲ အမိန့်ထုတ်လိုက်ပါတယ်။ ကမ္ဘာမှာ ပထမဆုံး မျိုးဗီဇပြောင်းလဲထားတဲ့ ကလေးငယ်တွေ မွေးဖွားနိုင်အောင် ဖန်တီးနိုင်ခဲ့ကြောင်း ကြေညာခဲ့တဲ့ တရုတ်သိပ္ပံပညာရှင်ရဲ့ လုပ်ရပ်ဟာ တာဝန်မဲ့ရာရောက်ကြောင်း ဇီဝဆေးသိပ္ပံပညာ ညီလာခံ ကျင်းပသူတွေ ပြစ်တင်ပြောဆိုလိုက်ပြီး နောက်မှာပဲ တရုတ်အစိုးရရဲ့ ညွှန်ကြားချက် ထွက်ပေါ်လာတာပါ။ 
ဟောင်ကောင်မှာ ကျင်းပခဲ့တဲ့ လူသားမျိုးဗီဇ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဒုတိယအကြိမ် နိုင်ငံတကာ ညီလာခံ ခေါင်းဆောင်တွေက ထုတ်ပြန်ခဲ့တဲ့ ဒီကနေ့ ကြေညာချက်မှာတော့ တရုတ်သိပ္ပံပညာရှင် He Jiankui ရဲ့ ပြောဆိုချက်အပေါ် အလွန်အမင်း စိတ်အနှောက်အယှက် ဖြစ်ခဲ့ရကြောင်းလည်း ဖော်ပြထားပါတယ်။ 

တရုတ်သုတေသီ Dr. He ကတော့ HIV ဗိုင်းရပ်စ်ပိုးရှိသူ ဖခင်ထံကနေ ရောဂါမကူးစက်အောင် ကာကွယ်တဲ့ အနေနဲ့ အမွှာသမီး ၂ ယောက်ကို DNA မျိုးဗီဇ ပြုပြင်ပြောင်းလဲ မွေးဖွားပေးခဲ့ကြောင်း ညီလာခံမှာ မနေ့တုန်းကပဲ ကြေညာခဲ့တာပါ။ သူ့လုပ်ရပ်နဲ့ ပတ်သက်လို့ တနင်္လာနေ့မှာတုန်းကလည်း အွန်လိုင်းမှာ ဗွီဒီယိုတခုနဲ့ ကြေညာထားပါတယ်။ သုတေသနလုပ်ငန်းကို လျို့ဝှက်လုပ်ကိုင်ခဲ့ကြောင်းလည်း ပြောဆိုခဲ့တာပါ။ 

သူဖန်တီးခဲ့ကြောင်း ပြောဆိုချက်ကိုတော့ သီးခြားအတည်ပြုလို့ မရသလို၊ ကျွမ်းကျင်သူတွေ စစ်ဆေးအတည်ပြုနိုင်မယ့် သိပ္ပံပညာဆိုင်ရာ စာစောင် တခုခုကို ပေးပို့အစီရင်ခံတာမျိုးတော့ မရှိပါဘူး။ ပြောဆိုတဲ့အတိုင်း မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့မယ် ဆိုရင်တောင်၊ ဒီလုပ်ရပ်ဟာ တာဝန်မဲ့ရာ ရောက်ကြောင်းနဲ့ နိုင်ငံတကာစံတွေနဲ့ ကိုက်ညီမှုမရှိကြောင်းလည်း ညီလာခံခေါင်းဆောင်တွေ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။ ထိပ်သီးညီလာခံမှာ Dr. He ဒီနေ့စကားပြောဖို့ စီစဉ်ထားပေမဲ့၊ အစီအစဉ်ကို ဖျက်ခဲ့ပါတယ်။

VOA

0 comments:

Post a Comment