Thursday, November 29, 2018

ဝေသာလီခေတ်ကျောက်စာများနှင့် ပျူသက္ကရာဇ်များလေ့လာဆန်းစစ်ချက် စာတန်းဖတ်ပွဲပြုလုပ်


ရခိုင်သမိုင်း၏ ရှေးအကျဆုံးခေတ်တစ်ခတ်ဖြစ်သည့် ဝေသာလီခေတ်ကရေးထိုးခဲ့သော ကျောက်စာများလေ့လာ ဆန်းစစ်ချက်နှင့် ပျူသက္ကရာဇ်များ လေ့လာဆန်းစစ်ချက် စာတန်းဖတ်ပွဲတစ်ခုကို ရခိုင်ပြည်နယ် စစ်တွေမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးခမ်းမမှာ ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ 
အဆိုပါစာတန်းဖတ်ပွဲကို အယနာစာပေအဖွဲ့ (ရန်ကုန်)က ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ရခိုင်သမိုင်းတွင်အစောဆုံး ကျောက်စာတစ်ခုဖြစ်သည့် အာနန္ဒစန္ဒြကျောက်စာပါ သက္ကရာဇ်များနှင့် သမိုင်းဆိုင်ရာအသစ်တွေ့ရှိချက်များကို ဖတ်ကြားခဲ့ခြင်းဖြစ်သည်။ 

“အဓိကကတော့ ကျွန်တော်တို့က ရခိုင်သမိုင်းမှာ အသစ်တွေ့ရှိချက်တွေကို ကျန်တဲ့နိုင်ငံသူနိုင်ငံသားတွေ သိရှိနိုင်အောင်အတွက် ဖြစ်ပါတယ်။ အသစ်တွေ့ရှိချက်ဆိုတာကတော့ မြောက်ဦးမှာရှိတဲ့ အနန္ဒစန္ဒြကျောက်စာမှာ သက္ကရာဇ် ၁၁ ခုနှစ်ဆိုတာရေးထိုးထားတယ်။ ဒါကိုဘယ်သူမှ မဖော်ပြခဲ့ကြဘူး။ နိုင်ငံခြားက ပါရဂူတွေကတော့ ရေးသားထားတာတွေရှိတယ်။ 

ကျွန်တော်တို့မြန်မာပြည်မှာ ပျူကျောက်စာတွေဟာ အစောဆုံး ၄၄ လို့ဖော်ပြထားတယ်။

ဒါတွေနှိုင်းယှဉ်ပြီးတော့ ဘယ်လိုသက္ကရာဇ်မျိုးဖြစ်နိုင်တယ်ဆိုတာကို စာတန်းဖတ်ကြတာဖြစ်ပါတယ်။”ဟု စာတန်းဖတ်ကြားသူ သမိုင်းပညာရှင် ဌေးဝေကပြောသည်။ 

ထို့အပြင် သက္ကတဘာသာဖြင့်ရေးသားထားသည့် မူရင်းစာအုပ်ကို သမိုင်းပညာရှင် ဒေါက်တာ ဂျွန်စတင်က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရာတွင် ကျောက်စာ၏ စာကြောင်းရေ ၇၂နှင့် ၇၃ ကိုချိန်လှပ်ထားခဲ့သည့်အတွက် သက္ကရာဇ် ၁၁ ခုနှစ်မှာ မြန်မာ့သမိုင်းတွင် လုံးဝပျောက်ဆုံးခဲ့ရသည့်အတွက် ယင်းအကြောင်းအရာကို ပြန်လည်ဖော်ပြရခြင်းဖြစ်ကြောင်း စာတန်းရှင်ဌေးဝေကပြောသည်။ 

“ကျွန်တော်တို့က စာတန်းစုစုပေါင်း ၄ စောင်ကိုဖတ်ကြားသွားမှာဖြစ်ပါတယ်။ အာနန္ဒစန္ဒြမင်းကျောက်စာနဲ့ သံဃာယနာဆက်စပ်ပုံ အသစ်တွေ့ရှိချက်၊ နောက်တစ်ခုက ဝေသာလီခေတ်ကျောက်စာများလေ့လာဆန်းစစ်ချက်၊ ပြီးတော့ ကျောက်စာနဲ့ဒင်္ဂါးပြားလေ့လာဆန်းစစ်ချက် အဲဒီစာတမ်းတွေကို ဖတ်ကြားသွားမှာဖြစ်ပါတယ်။ ဝေသာလီခေတ်သုံးဒင်္ဂါးပြားတွေထဲက အာနန္ဒစန္ဒြမင်းနောက်ပိုင်း ကျောက်စာမှာမတွေ့ရှိသေးတဲ့ ဝေသာလီခေတ်ဦးဒင်္ဂါးပြားတွေ ဘုရင်အမည်ကိုမသိနိုင်သေးတဲ့ဒင်္ဂါးပြားတွေ အဲဒီအသစ်တွေ့ရှိချက်တွေကို ဖြတ်ကြားသွားမှာဖြစ်ပါတယ်။”ဟု သမိုင်းပညာရှင် မောင်ဖြူ (ကြွီတဲကျွန်း)ကပြောသည်။ 

၎င်းစာတမ်းဖတ်ပွဲကို ယခုလ ၂၅ ရက်နေ့ကစတင်ပြီး ဘူးသီးတောင်မြို့တွင် ကျောက်စာနှင့်ဒင်္ဂါးပြားစာတမ်းကို ဖတ်ကြားခဲ့ပြီးဖြစ်ကာ ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့တွင် စစ်တွေမြို့၌ အာနန္ဒစန္ဒြမင်းကျောက်စာနှင့် သံဃာယနာဆက်စပ်ပုံကို ဖတ်ကြားခဲ့ခြင်းဖြစ်ပြီး ၃၀ရက်နေ့နှင့် ဒီဇင်ဘာလ ၁ ရက်နေ့တို့တွင် ကျောက်တော်မြို့၌ ဝေသာလီခေတ်ကျောက်စာများလေ့လာဆန်းစစ်ချက်စာတန်းနှင့် ၂ ရက်နေ့တွင် မြောက်ဦးမြို့၌ အာနန္ဒစန္ဒြမင်းကျောက်စာနှင့် သံဃာယနာဆက်စပ်ပုံအသစ်တွေ့ရှိချက် စာတန်းတို့ကို ဖတ်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။ 

လက်ရှိတွင် အာနန္ဒစန္ဒြကျောက်စာကို ကမ္ဘာ့အမွေအနှစ်မှတ်တမ်းဝင်ကျောက်စာတစ်ချပ်အဖြစ် အသိအမှတ်ပြုခံရရေးအတွက် ဆောင်ရွက်လျှက်ရှိရာ ယခုဖတ်ကြားခဲ့သည့် စာတမ်းများက တစ်စုံတစ်ရာအထောက်အထားဖြစ်လာနိုင်ကြောင်း စာတန်းရှင် မောင်ဖြူ(ကြွီတဲကျွန်း)ကပြောသည်။

The Fifth Wave News 

0 comments:

Post a Comment