Thursday, November 29, 2018

အသက် ၁၈ နှစ်ပြည့်မှ လက်ထပ်ရမည့် အချက်ကိုပယ်ဖျက်ခြင်းအားကန့်ကွက်ရခြင်းမှာကလေးသူငယ် အခွင့်အရေးများဆုံးရှုံးခြင်းကြောင့်လွတ်တော်ကိုယ်စားလှယ် ပြော


ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းတွင် အသက် ၁၈ နှစ်ပြည့်မှ လက်ထပ်ရမည့် အချက်ကိုပယ်ဖျက်လိုက်ခြင်းအားကန့်ကွက်ရခြင်းမှာကလေးသူငယ် အခွင့်အရေးများအဘက်ဘက်မှ ဆုံးရှုံးရခြင်းကြောင့်ဟုကျောက်တန်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးကအကုန်သိသတင်းဌာနကို နိုဝင်ဘာလ ၂၉ ရက်တွင် ပြောသည်။ 
နိုဝင်ဘာလ ၂၈ ရက်ကကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် ဒဿမပုံမှန် အစည်းအဝေးသတ္တမနေ့ကိုကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးလင်းက တင်သွင်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်ကအတည်ပြုပေးခဲ့ခြင်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ယင်းအဆိုအားကန့်ကွက်ခဲ့ခြင်းဖြစ်သည်။ 

“ ကျွန်မတို့ မြန်မာနိုင်ငံကဗုဒ္ဓဘာသာနိုင်ငံလည်းဖြစ်တယ်။ နောက်ပြီးကလေးသူငယ်တွေမှာလိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းဆိုတဲ့ ပုဒ်မမှာကလေးသူငယ်တွေကိုလက်ထပ်စေခြင်းဆိုတဲ့ အချက်နဲ့ကဆက်စပ်နေတယ်။ နောက်တစ်ခုက ကျွန်မတို့နိုင်ငံမှာအသက်မပြည့်ဘဲလက်ထပ်တာယောက်ျားလေးက ၅ ရာခိုင်နှုန်းပဲရှိတယ်။ ကျန်တာကမိန်းကလေးတွေ ဖြစ်နေတယ်။ မိန်းကလေးတွေ အသက်မပြည့်ဘဲကိုယ်ဝန်ဆောင်တဲ့အခါမှာမွေးကင်းဈကလေးငယ် သေဆုံးမှုကအရှေ့တောင်အာရှမှာ မြန်မာနိုင်ငံကအများဆုံး ဖြစ်နေတယ်။ အသက်မပြည့်သေးတဲ့အတွက် ပညာရေး၊ စီးပွားရေး ပြည်စုံမှု မရှိသလိုအသက်မပြည့်ဘဲကိုယ်ဝန်ဆောင် ကလေးမွေးလာတဲ့အခါ နောက်မျိုးဆက်က မြင့်မလာဘဲနိမ့်သွားတယ်။ ဒီလိုအဖက်ဖက် က ကလေးသူငယ် အခွင့်အရေးတွေ ဆုံးရှုံးနေရတဲ့အတွက် ကန့်ကွက်ရတာပါ ” ဟုဒေါ်အေးမြမြမျိုးက ပြောသည်။ 

ပြည်သူ့လွှတ်တော်ကအတည်ပြုပေးလိုက်သည့် ပုဒ်မ-၂၃ အမျိုးသားနှင့် အမျိုးသမီးတို့၏ ထိမ်းမြားလက်ထပ်နိုင်သည့် အသက်သည် ၄င်းတို့၏ တည်ဆဲဥပဒေနှင့် ဓလေ့ထုံးတမ်းဥပဒေများတွင် သတ်မှတ်ထားသည့်အတိုင်းဖြစ်သည်ဟုဖော်ပြပါရှိသည်။ 
  
လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာအသက်အရွယ်အား ၁၈ နှစ်မပြည့် သော်လည်းခွင့်ပြုသင့်ကြောင်းနှင့် ဓလေ့ထုံးစံအတိုင်းလက်ထပ်နိုင်ကြောင်းကို ပြည်သူ့လွှတ်တော် က နိုဝင်ဘာ ၂၈ ရက် အတည်ပြု ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။ 

 အောင်သူရိန် (အကုန်သိသတင်းဌာန)

0 comments:

Post a Comment