ခါးကုန်းကြီးတွေနဲ့ တခြားကျောရိုးပြဿနာတွေရှိတဲ့ ကလေးမျိုးဆက်တစ်ခု မွေးထုတ်ပေးမိမှာ စိုးရိမ်ရတဲ့ အတွက် အိန္ဒိယအစိုးရဟာ လေးလံလွန်းတဲ့ကျောပိုးအိတ်တွေသယ်ခိုင်းပြီး ကလေးတွေကို အိမ်စာတွေ စွတ်ပေးတဲ့ ကျောင်းတွေကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
သယ်ပိုးရတဲ့ ကျောပိုးအိတ်အလေးချိန်ကြောင့် ပျော့ပြောင်းနူးညံ့တဲ့ ကျောရိုးမကြီး ထိခိုက်စေနိုင်တဲ့အတွက် ကလေးအသက်အရွယ်ပေါ်မူတည်ပြီး သယ်ဆောင်ရမဲ့အလေးချိန်သတ်မှတ်ဖို့ အစိုးရက အဆိုတင်သွင်းထားပါတယ်။
အိန္ဒိယကုန်သွယ်ရေးနဲ့ စက်မှုလုပ်ငန်းအဖွဲ့က ပြုလုပ်ခဲ့တဲ့စစ်တမ်းအရ ဆယ်နှစ်အောက်ကလေး ၆၈%ဟာ အဆင့်နိမ့် ခါးနာရောဂါကို ခံစားနေကြရပြီး နောက်ပိုင်းမှာ အမြဲတမ်းခါးနာရောဂါကို ခံစားရနိုင်တဲ့အပြင် ခါးပါ ကုန်းသွားနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။
အိန္ဒိယမြို့ကြီးတွေက ကလေး၂၅၀၀ နဲ့ မိဘ ၁၀၀ကို လေ့လာကြည့်ရာ အသက် ၇နှစ် ကနေ ၁၃နှစ်ကြား ကလေး ၈၈% ကျော်ဟာ သူတို့ကိုယ်လေးချိန်ရဲ့ ၄၅%ကျော်လောက်ရှိတဲ့ အိတ်ကို ကျောမှာသယ်ပိုးရကြောင်း တွေ့ရှိရပါတယ်။
သည်လိုလေးလံတဲ့ ကျောင်းကျောပိုးအိတ်ကို သယ်ရတာဟာ ကျောင်းအချိန်ဇယားရေးဆွဲတာ အားနည်းချက် ရှိကြောင်း ဖော်ပြရာရောက်ပြီး သည်ဗဟိုအစိုးရရဲ့အဆိုကို ထောက်ခံကြောင်း ကလေးနှစ်ယောက်အမေ ရက်ရှ်မီတပ်ကီက ပြောပါတယ်။
မွန်ဘိုင်းမြို့တည်ရှိရာ မဟာရက်ရှ်ထရာပြည်နယ်မှာ ကိုယ်အလေးချိန်ရဲ့ ၁၀%ထက်မပိုတဲ့ လွယ်အိတ်ကိုသာ လွယ်စေဖို့ အဆိုပြုထားပါတယ်။ အဆိုပါဒေသမှာရှိတဲ့ကျောင်းအများစုဟာ ကျောင်းသားတွေ ကျောင်းကို ပုံနှိပ်စာအုပ် သယ်စရာ မလိုအောင် ဝှိုက်ဘုတ်နဲ့ ပရိုဂျက်တာတွေကို စတင်သုံးစွဲနေပြီဖြစ်ပါတယ်။
ဒါပေမဲ့ ကျေးလက်ဒေသက ကလေးတွေကတော့ လေးလံကြီးမားတဲ့ ကျောင်းကျောပိုးအိတ်တွေကို သယ်ဆောင်နေရဆဲဖြစ်ပါတယ်။
အိမ်ကို စာအုပ်တွေ သယ်သွားစရာမလိုအောင် သူငယ်တန်းနဲ့ တစ်တန်းအရွယ်ကလေးတွေကို အိမ်စာမပေးဖို့ ကိုလည်း ဗဟိုအစိုးရက အဆိုပြထားပါတယ်။
Kumudra
0 comments:
Post a Comment