သံလွင်မြစ်အတွင်း မော်လမြိုင်မှ ဘားအံသို့ ပြေးဆွဲမည့် အပျော်စီးခရီးသည်တင် ထီးလှိုင်ရှင်ရေယာဉ်အတွက် ဘားအံ သံလွင်မြစ်ကမ်းကပ်ခုံဘောတွဲ ရောက်ရှိမှသာ ဘားအံဆိပ်ကမ်း သာယာလှပရေးအဆောက်အအုံနှင့် သစ်ပင်ပန်းပင်များ အလှဆင်ခြင်းကို လုပ်ဆောင်သွားမည်ဟု ကရင်ပြည်နယ် စီမံ၊ ဘဏ္ဍာဝန်ကြီးက ပြောသည်။
ထီးလှိုင်ရှင် အပျော်စီးသင်္ဘောသည် မော်လမြိုင် - ဘားအံ သံလွင်မြစ်တွင်း အပျော်စီခရီးတင် ရေယာဉ်ခရီးစဉ်အား တင့်တင့်မြန်မာကုမ္ပဏီမှ တစ်နှစ်စာချုပ်ချုပ်ဆိုကာ ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းလည်ပတ်သူနှင့် နိုင်ငံခြားခရီးသွားများအား တစ်နေ့တာအသွားအပြန် တစ်ကြိမ်စီပြေးဆွဲသွားမည့်ခရီးစဉ် ဖြစ်သည်။ နိုဝင်ဘာလ ၂၇ ရက်က ထီးလှိုင်ရှင်အပျော်စီးသင်္ဘောနှင့် ကုမ္ပဏီတာဝန်ရှိသူများ၊ ကရင်ပြည်ယ်အစိုးရဝန်ကြီးချုပ် နန်းခင်ထွေးမြင့်နှင့် ပြည်နယ်အစိုးရဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ သံလွင်မြစ်အတွင်း လိုက်ပါစီးနင်း ကြည့်ရှုရာတွင် သင်္ဘောကမ်းကပ်နေရာတွင် သဲ၊ကျောက်လုပ်ငန်းများ၊ လူနေအိမ်များ၊ ဈေးဆိုင်များ တည်ရှိနေသောကြောင့် သင်္ဘောဆိပ်ခံဘောတွဲရောက်ရှိလာမှသာ ဆိပ်ကမ်းနေရာနှင့် မလွတ်သည့် မြေယာများကို ရှင်းလင်း၍ ဆိပ်ကမ်းနှင့် ဆိပ်ကမ်းအဆောက်အအုံများ၊ သစ်ပင်ပန်းပင်များ၊ နားနေဆောင်များ တည်ဆောက်ပြင်ဆင်သွားမည်ဟု ပြည်နယ်အစိုးရ စီမံ၊ဘဏ္ဍာ၊ စည်ပင်သာယာဝန်ကြီး ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ ဦးလေးတို့ ဘက်ကတော့ တိုက်ရိုက်မဆိုင်ပေမယ့် သင်္ဘောကမ်းကပ်မယ့် နေရာရှင်းလင်းရေးအတွက် လုပ်ဆောင်ပေးနေရတယ်။ ရွှေယဉ်မျှော်ဂေါပကအဖွဲ့ကတော့ သိပ်သဘောမကျဘူးပေါ့။ အခုအချိန်မှာတော့ ကမ်းကပ်ခုံလုပ်မယ့် ဘောတံတား မရောက်လာသေးတဲ့အတွက် အတင်းအကျပ်ကြီး လုပ်ဆောင်ဖို့ကမဖြစ်နိုင်သေးဘူး။ ဆိပ်ခံဘောတွဲ ရောက်လာရင်တော့ ဆိပ်ခံဘောတံတားကို မဖြစ်မနေတည်ဆောက်သွားမယ်။ သူတို့ကိုတော့ အတင်းအကျပ်မဖယ်ခိုင်းဘဲ ဘေးနားကပ်လျက်မှာ တည် ဆောက်သွားမှာပါ ” ဟု ကရင်ပြည်နယ် စီမံ၊ဘဏ္ဍာနှင့်စည်ပင်သာယာဝန်ကြီး ဦးသန်းနိုင်က ပြောသည်။ အဆိုပါ အပျော်စီးသင်္ဘောခရီးစဉ်မှာ မော်လမြိုင်မှ နံနက် (၇) နာရီတွင်စတင် ထွက်ခွာပြီး ဘားအံသို့ နေ့လယ် (၁၂) နာရီရောက်ရှိမည်ဖြစ်ကာ ဘားအံမှ နေ့လယ် (၁)နာရီပြန်လည် စုန်ဆင်းပြီး သင်္ဘောမှာ မော်လမြိုင်တွင် ညအိပ်ရပ်နားမည်ဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာလအတွင်း ခရီးစဉ်ကြိုတင်လက်မှတ်ဖြတ်ထားကြသည့် အလည်အပတ်ခရီးသွားများအတွက် ခရီးစဉ် စတင်ပြေးဆွဲတော့မည်ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိတွင် မော်လမြိုင် မြစ်ဝဘက်သို့ နေဝင်ဆည်းဆာချိန် ပြေးဆွဲခြင်းနှင့် ညစာသုံးဆောင်ချိန် ပြေးဆွဲပေးခြင်းများကို စတင်နေပြီဖြစ်ကြောင်း ထီးလှိုင်ရှင်သင်္ဘောကို ပြေးဆွဲသည့် Tint Tint Myanmar Cruises သင်္ဘောကုမ္ပဏီ တာဝန်ရှိသူများထံမှ သိရသည်။
0 comments:
Post a Comment